လီဗာပူးတို့ အိမ်ကွင်းမှာ နော့ဝစ်ချ်ကို ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။

လီဗာပူးတို့ မမျှော်လင့်ဘဲ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ချေပဂိုးနဲ့အနိုင်ဂိုးတွေ ပြန်လည်သွင်းယူပြီး နော့ဝစ်ချ်ကို အနိုင်ရရှိခဲ့ပါတယ်။ ပွဲဆက်တွေများနေတာကြောင့် အာနိုးလ်၊ ရော်ဘတ်ဆန်တို့ကို အနားပေးပြီး ဂိုမက်ဇ်၊ ဆီမီကက်စ်တို့ကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာ ချိန်ဘာလိန်၊ နာဘီကီတာနဲ့ တိုက်စစ်မှာ မာနေး၊ ဆာလာ၊ ဒီယက်ဇ်တို့ကို တွဲဖက် ပွဲထုတ်ခဲ့ပါတယ်။



ပထမပိုင်းတပိုင်းလုံး အသာစီးနဲ့ ဖိကစားခဲ့ပေမယ့် ဂိုးမရခဲ့ဘဲ ဗန်ဒိုက်ချ်သွင်းယူခဲ့တဲ့ တဂိုးကလည်း လူကျွံဘောကတဆင့်ဖြစ်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ နော့ဝစ်ချ်ကတော့ လီဗာပူးကို ယှဥ်ကစားဖို့ ဘယ်လိုမှမဖြစ်နိုင်ခဲ့ဘဲ စုပြုံပိတ်ဆို့ရင်းနဲ့ပဲ အချိန်ကုန်ခဲ့ပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ လီဗာပူးတို့ ဦးဆောင်ဂိုးပေးလိုက်ရပါတယ်။ နော့ဝစ်ချ်က ရာရှီကာရဲ့ ဧရိယာအပြင်က ကန်ချက် အားမပါခဲ့ပေမယ့် ဘောလုံးက လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့တာကြောင့် လီဗာပူးတို့ အသည်းအသန်ပြန်ကစားခဲ့ရပါတယ်။

ဒါပေမယ့် ချေပဂိုးနဲ့အနိုင်ဂိုးတွေရဖို့ သိပ်မစောင့်လိုက်ရဘဲ (၃) မိနစ်အတွင်း နှစ်ဂိုးပြန်ရခဲ့ပါတယ်။ ဆီမီကတ်စ်ရဲ့ ဖန်တီးပေးမှုကတဆင့် မာနေး နောက်ပြန်ကန်ချက်နဲ့ ချေပဂိုးရရှိခဲ့ပါတယ်။

အဲ့ဒီနောက် ပွဲကစားချိန် (၆၆) မိနစ်မှာတော့ ဂိုးသမား အယ်လစ်ဆန် တိုက်ရိုက်ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဆာလာက လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးသွားခဲ့ပြီး ဂိုးသမားကိုပါ လှည့်စားပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ လီဗာပူးက ပွဲကိုနည်းနည်းလေး ထိန်းကစားသွားခဲ့ပြီး မမျှော်လင့်ဘဲ ဂိုးထပ်ပေးရတာမျိုး မဖြစ်အောင် အဓိကအာရုံစိုက်ခဲ့ပါတယ်။

အဲ့ဒီနောက် ပွဲကစားချိန် မိနစ် (၈၀) မှာတော့ ဒီယက်ဇ်က လီဗာပူးကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူပေးခဲ့ပြီး လီဗာပူးတို့ ၃-၁ ဂိုးအနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးဟာ ဒီနိုင်ပွဲကြောင့် ရမှတ် (၅၇) မှတ်နဲ့အတူ အမှတ်ပေးဇယား ဒုတိယနေရာကနေ ချန်ပီယံဆုကို မျှော်လင့်ခွင့်ရှိနေဆဲဖြစ်ပါတယ်။ 

Share

က္က