ရုရှားကျူးကျော်မှုအတွင်း အင်တာနက်အဆက်အသွယ်ပြတ်တောက်သွားတဲ့ ယူကရိန်းနိုင်ငံအတွက် Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ဖွင့်ပေးလိုက်ပြီလို့ SpaceX ဘီလျံနာ အီလွန်မတ်စ်က ဆိုပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေစဉ်အတွင်းမှာ နိုင်ငံရဲ့ အင်တာနက်ချိတ်ဆက်မှုအများစုပြတ်တောက်ခဲ့ပါတယ်။ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့အစည်း NetBlocks ကတော့ ယူကရိန်းဟာ ရုရှားတပ်တွေ နိုင်ငံအတွင်း စတင်ကျူးကျော်တိုက်ခိုက်မှုစတင်ခဲ့တဲ့ ကြာသာပတေးနေ့ (ဖေဖော်ဝါရီ ၂၄ ရက်နေ့) ကတည်းက အင်တာနက်ဝန်ဆောင်မှု သိသိသာသာ ပြတ်တောက်တာတွေ ဆက်တိုက်ကြုံနေရတယ်လို့ ပြောပါတယ်။
ဒီအခက်အခဲကို ဝင်ကူညီပေးဖို့ SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ကို ယူကရိန်း ဒုတိယဝန်ကြီးချုပ်နဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုဘက် ဝန်ကြီး မီခေးလို ဖီဒေါ်ရော့ဗ်က Twitter ကနေ တစ်ဆင့် အကူအညီတောင်းခံခဲ့တာပါ။
ဝန်ကြီးဟာ ယူကရိန်းအင်တာနက်ရရှိရေးအတွက် Starlink Broadband ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ဖွင့်ပေးဖို့ အမေရိကန်ဘီလျံနာကြီး အီလွန်မတ်စ်ကို အကူအညီတောင်းခံခဲ့တာလည်း ဖြစ်ပါတယ်။ "ခင်ဗျားအနေနဲ့ မားစ် (အင်္ဂါဂြိုလ်) ကို ကိုလိုနီလုပ်ဖို့ ကြိုးစားနေချိန်မှာ ရုရှားက ယူကရိန်းကို သိမ်းပိုက်ဖို့ လုပ်နေပါတယ်။" ဆိုပြီး ယူကရိန်းနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတင်ပြပြီး အကူအညီတောင်းခဲ့တာပါ။
မတ်စ်ဟာ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုတွေ လုပ်နေတဲ့ SpaceX အာကာသကုမ္ပဏီသူဌေးကြီးလည်း ဖြစ်ပါတယ်။ Twitter မှာ ဝန်ကြီးဖီဒေါ်ရော့ဗ်ရဲ့ အကူအညီတောင်းပြီး ၁၀ နာရီအကြာမှာ မတ်စ်က "Starlink ဝန်ဆောင်မှုကို အခုပဲ ယူကရိန်းမှာ ဖွင့်ပေးလိုက်ပါတယ်။ နောက်ထပ်လည်း အင်တာနက်ဖမ်းစက် Terminalတွေ လာနေပါတယ်။" လို့ အကြောင်းပြန်ခဲ့ပါတယ်။
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့အစည်း NetBlocks ကတော့ ယူကရိန်းဟာ ရုရှားတပ်တွေ နိုင်ငံအတွင်း စတင်ကျူးကျော်တိုက်ခိုက်မှုစတင်ခဲ့တဲ့ ကြာသာပတေးနေ့ (ဖေဖော်ဝါရီ ၂၄ ရက်နေ့) ကတည်းက အင်တာနက်ဝန်ဆောင်မှု သိသိသာသာ ပြတ်တောက်တာတွေ ဆက်တိုက်ကြုံနေရတယ်လို့ ပြောပါတယ်။
Starlink ဟာ ကမ္ဘာအနှံမှာ မြန်နှုန်းမြင့် လိုင်းထစ်ငေါ့မှု latency နိမ့် Broadband အင်တာနက်ဝန်ဆောင်မှုတွေ ပေးနေတာ ဖြစ်ပြီး ကမ္ဘာပတ်လမ်းအနိမ့်အတွင်း အဆင့်မြင့်ဂြိုလ်တုတွေ သုံးပြီး ဂြိုလ်တုအင်တာနက်ဖြန့်ကြက်မှုလုပ်နေတာပါ။ လောလောဆယ် ဂြိုလ်တုအင်တာနက်အတွက် လွှင့်တင်ထားတဲ့ ဂြိုလ်တုပေါင်း ၂၀၀၀ ပါတဲ့ အစုအဝေးကြီးတစ်ခုနဲ့လည်း လည်ပတ်နေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်ပိုင်းလောက်က တွန်ဂါကျွန်းနိုင်ငံ မီးတောင်ပေါက်ကွဲမှုအတွင်း သမုဒ္ဓရာပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်းပြတ်ပြီး အင်တာနက်ပြတ်တောက်စဉ်ကလည်း SpaceX က တွန်ဂါနိုင်ငံအင်တာနက်ပြန်ရရှိရေးအတွက် Starlink ဂြိုလ်တုတွေနဲ့ အကူအညီပေးခဲ့ဖူးပါတယ်။ Starlink ဟာ ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ကမ္ဘာပတ်လမ်းအတွင်း နောက်ထပ် Starlink ဂြိုလ်တု ၅၀ ထပ်လွှင့်တင်ထားတယ်လို့ သိရပါတယ်။