အေဘရာမိုဗစ်ချ်က အသင်းကို ပေါင် (၄) ဘီလီယံနဲ့ ရောင်းချဖို့ ပြင်ဆင်နေတာပါ။

ချဲလ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ သူနှစ်ပေါင်း (၂၀) နီးပါးကြာ တာဝန်ယူလာခဲ့တဲ့ ချဲလ်ဆီးကို ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ မနေ့က သတင်းတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အေဘရာမိုဗစ်ချ်အနေနဲ့ ဒီအတွက် ဆွစ်ဇာလန်ဘီလီယံနာအပါအဝင် အခြားသောပုဂ္ဂိုလ် သုံးယောက် ဒါမှမဟုတ် လေးယောက်ဆီကို အရောင်းအဝယ်ဖြစ်မြောက်ရေးအတွက် ကမ်းလှမ်းထားပါတယ်။



အစပိုင်းမှာ အေဘရာမိုဗစ်ချ်က အသင်းရဲ့အုပ်ချုပ်ခွင့်ကို အသင်းဖောင်ဒေးရှင်းဆီ လွှဲပြောင်းပေးထားပြီးဖြစ်ပေမယ့် အဆင်မပြေနိုင်တာကြောင့် မတတ်နိုင်တဲ့အဆုံး ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါပေမယ့်လည်း ဒီအရောင်းအဝယ်က လွယ်လင့်တကူ မဖြစ်လာနိုင်ဘူးလို့ ဥပဒေရေးရာ ကျွမ်းကျင်သူကဆိုပါတယ်။

ရုရှားသူဌေး အေဘရာမိုဗစ်ချ်ဟာ ပြီးခဲ့တဲ့ (၂၀၀၃) မှာ ချဲလ်ဆီးကို စတင်ဝယ်ယူခဲ့ပြီးနောက် သူ့လက်ထက်မှာ အသင်းက ဆုဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ အခုချိန်မှာတော့ အေဘရာမိုဗစ်ချ်ဟာ ချဲလ်ဆီးကို ပေါင် (၄) ဘီလီယံနဲ့ ရောင်းထုတ်ဖို့ ပြင်ဆင်ထားပါတယ်။ ဒီအပေါ်မှာ JMW Solicitors ရဲ့ အားကစားဥပဒေအကြီးအကဲ စတီဖင်တေလာဟိသ်က အခုလိုပဲ သုံးသပ်ခဲ့ပါတယ်။ တေလာဟိသ်က “အေဘရာမိုဗစ်ချ်က ချဲလ်ဆီးကို တိုက်ရိုက်ပိုင်ဆိုင်တာမျိုး မဟုတ်တော့ဘဲ ကော်ပိုရိတ်အဖွဲ့အစည်းတခုလို ထိန်းချုပ်ထားတယ်လို့ နားလည်ရပါတယ်”

“ဒီတော့ လက်လွှဲရောင်းချမှုအတွက် အရင်ဆုံး စီစဥ်ရမှာက ကုမ္ပဏီတခုလုံးကို ရောင်းမှာလား ဒါမှမဟုတ် ဒီကုမ္ပဏီအတွင်းမှာ လည်ပတ်နေတဲ့ အစိတ်အပိုင်းတွေကို ရောင်းထုတ်မှာလားပေါ့။ နောက်ပြီး သက်ဆိုင်ရာ ရှယ်ယာရှင်တွေရဲ့ သဘောတူညီချက် လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ Trust နဲ့ မိုဗစ်ချ်တို့အကြား အသင်းကိုရောင်းချမှုနဲ့ ပတ်သက်လို့ သဘောထားမတိုက်ဆိုင်ဘူးဆိုရင် ပြဿနာရှိပါတယ်”

“တဖက်က ဝယ်ယူမယ့်သူအနေနဲ့ကလည်း အသင်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ပြဿနာတွေကို ရှင်းလင်းဖို့ အားစိုက်ရဦးမှာပါ။ ဒီတော့ လက်တွေ့မှာ မြန်မြန်ဆန်ဆန် ရောင်းထုတ်နိုင်ဖို့က ခက်ခဲပါတယ်။ ဝယ်မယ့်သူအနေနဲ့ကလည်း ဒီအသင်းကို ပိုင်ရှင် ဒါမှမဟုတ် ဒါရိုက်တာအဖြစ် စီမံခန့်ခွဲဖို့ သင့်တော်တယ်ဆိုတာကိုလည်း စမ်းသပ်ခံရဦးမှာပါ”

“ယူထားတဲ့ချေးငွေပမာဏက အသင်းကို အချိန်မရွေးပြဿနာတက်နိုင်တဲ့ ပမာဏဆိုရင်လည်း အရောင်းအဝယ်မှာ ပြဿနာရှိပါတယ်” လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ အေဘရာမိုဗစ်ချ်ကိုယ်တိုင်ကတော့ တော်တော်လေး အလောသုံးဆယ်ဖြစ်နေပုံရပြီး ချဲလ်ဆီးကို ရက်ပိုင်းအတွင်း ရောင်းချသွားဖို့ မျှော်လင့်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က