ရပ်ရှ်ဖို့ဒ်တယောက် အသင်းက ထွက်ခွာဖို့ စဥ်းစားနေတာပါ။

ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်လို့ ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က မနေ့ကဖွင့်ဟပြောကြားလိုက်ပါတယ်။ ယူနိုက်တက် အကယ်ဒမီထွက် ဒီကစားသမားဟာ လက်ရှိအချိန်မှာ ပုံမှန်ခြေစွမ်းပြသဖို့တောင် ရုန်းကန်နေရပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။



ကစားသမားရဲ့ စာချုပ်သက်တမ်းကလည်း တနှစ်ခွဲသာ ကျန်ရှိတော့တာကြောင့် လာမယ့်နွေရာသီမှာ ရပ်ရှ်ဖို့ဒ်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးရဖွယ်ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ ရန်းနစ်ဂ်က ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသားပဲ ပြောကြားလာခဲ့ပါတယ်။

ရန်းနစ်ဂ်က “ရပ်ရှ်ဖို့ဒ်ရယ်၊ သူ့အေးဂျင့်တွေရယ်၊ ဒါမှမဟုတ် သူ့မိသားစုတွေရယ်က လာမယ့်နွေရာသီမှာ အခြားအသင်းကို ပြောင်းမလား၊ မပြောင်းဘူးလားဆိုတာ ဆုံးဖြတ်လို့ရပါတယ်။ ရပ်ရှ်ဖို့ဒ်အနေနဲ့ အသင်းပြောင်းချင်လည်း ပြောင်းလို့ရပါတယ်။ ဒါပေမယ့် နွေရာသီမှ ရပါမယ်”

“အခု လောလောဆယ် အပြောင်းအရွှေ့က ပိတ်ထားတယ်လေ။ ဒီတော့ ဘာမှလုပ်လို့မရပါဘူး။ ကျနော်တို့ စပါးနဲ့ပွဲ ဒါမှမဟုတ် အင်္ဂါနေ့ပွဲအတွက်ပဲ အလုပ်လုပ်လို့ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာလည်း ပွဲထွက် ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

အဲ့ဒီပွဲမှာ ယူနိုက်တက်က ကာဗာနီ၊ ရော်နယ်ဒိုတို့ ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ပေမယ့် ရန်းနစ်ဂ်က ရပ်ရှ်ဖို့ဒ်ကို ပွဲထွက်ခွင့်မပေးဘဲ အီလန်ဂါကိုသာ ပွဲထွက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ အရင်ပွဲတွေမှာလည်း ရပ်ရှ်ဖို့ဒ်ရဲ့ ကစားပုံနဲ့ အမူအရာတွေအပေါ် ပရိသတ်တွေက စိတ်ပျက်နေပြီး ဒီကစားသမားကို အသင်းကထွက်ခွင့်ပေးလိုက်ဖို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က