ဂျူဗင်တပ်စ်တို့ အိမ်ကွင်းမှာတင် ဂိုးပြတ်ရှုံးပြီး ချန်ပီယံလိဂ်ကထွက်ခဲ့ရတာပါ။

ဂျူဗင်တပ်စ်တို့ အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာဖြစ်ပါတယ်။ ပထမအကျော့မှာ တဖက်တဂိုးစီသရေကျခဲ့ပြီး ဒီပွဲအတွက် နှစ်သင်းလုံးက အခွင့်အရေးဆတူရှိခဲ့ပါတယ်။ ဂျူဗင်တပ်က ဆဇက်စနီ၊ ဒီလစ်ဂ်၊ လိုကာတယ်လီ၊ ဗလာဟိုဗစ်၊ မိုရာတာတို့နဲ့ အဓိကပွဲထွက်ခဲ့ပါတယ်။



အူနိုင်းအမ်မရီကလည်း ရူလီ၊ အော်ရီယာ၊ အယ်လ်ဘီယို၊ ပါအူတောရက်စ်၊ ပါရီဟို၊ ယယ်ရီမီ၊ ကာပူး၊ လိုဆယ်ဆိုတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ နှစ်သင်းလုံးက တသင်းနဲ့တသင်း အမှားမခံဘဲ သတိထားကစားခဲ့ပြီး ပထမပိုင်းမှာ ဗလာဟိုဗစ်ရဲ့ အခွင့်အရေးတွေ ဂိုးမဖြစ်ခဲ့တာလည်း ဂျူဗင်တပ်စ်အတွက် နစ်နာစေပါတယ်။

ဒုတိယပိုင်းမှာတော့ ဗီလာရီးရဲယ်က အပြောင်းအလဲတွေလုပ်ခဲ့ပြီး ကိုကွီလင်၊ ဂျရတ်မော်ရီနိုတို့ ဝင်ကစားခဲ့ပါတယ်။ ပွဲကစားချိန် (၇၇) မိနစ်မှာတော့ ဗီလာရီးရဲယ်တို့ လူစားဝင်ကစားသမား ကိုကွီလင်ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို လူစားဝင်ကစားသမား မိုရီနိုကပဲ အဆုံးသတ်ကန်သွင်းခဲ့ပါတယ်။

အဲ့ဒီနောက် ဂျူဗင်တပ်စ်က ဒီဘားလားကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် တကယ်တမ်း ဂိုးထပ်ရတာက ဗီလာရီးရဲယ်ပဲဖြစ်ခဲ့ပါတယ်။ ဒီဂိုးကိုတော့ နောက်ခံလူ ပါအူတောရက်စ်က ထောင့်ကန်ဘောကတဆင့် ထပ်ဆင့် ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ဗီလာရီးရဲယ်အတွက် ပွဲသိမ်းဂိုးကိုတော့ ဂရိုနီဗယ်ကပဲ ပင်နယ်တီကတဆင့် သွင်းယူပေးသွားခဲ့တာကြောင့် ဗီလာရီးရဲယ်အတွက် အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၄-၁ ဂိုးနဲ့ ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။

ပွဲမတိုင်ခင် ပြောစကားတွေအရ အချိန်ပိုရောက်သွားနိုင်တယ်လို့ ပရိသတ်တွေက ယူဆခဲ့ကြပေမယ့် အူနိုင်းအမ်မရီရဲ့ မှန်ကန်တဲ့လူစားလဲမှုတွေနဲ့အတူ ဗီလာရီးရဲယ်တို့ ဂျူဗင်တပ်စ်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲရလဒ်က ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ရဲ့ အံ့အားသင့်စရာကောင်းတဲ့ ရလဒ်တွေထဲက တခုလည်း ဖြစ်ခဲ့ပါတယ်။ 

Share

က္က