လူသိနည်းဖုန်း Brand တစ်ခုရဲ့ ပထမဆုံး Rugged Smartphone ဟာ အမိုက်စား Features တွေ ပါဝင်လာပါတယ်။
AGM Mobile ရဲ့ ပထမဆုံး Rugged Smartphone ဖြစ်တဲ့ AGM H5 ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး stock Android 12 နဲ့လာတဲ့ Rugged ဖုန်း ဖြစ်မယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲကိုတော့ လာမယ့် ဧပြီလထဲမှာ ဖြန့်ချိဖို့ ပြင်ထားပြီး ဖုန်းအကြောင်း အချက်အလက်တွေတော့ ကြားသိရပြီ ဖြစ်ပါတယ်။ ဒီဖုန်းဟာ လက်ရှိစမတ်ဖုန်းဈေးကွက်ထဲမှာ အသံအကျယ်ဆုံး စပီကာပါဝင်တဲ့ ဖုန်းဖြစ်ပြီး 109dB နှုန်းအထိ အသံတင်နိုင်မယ်လို့ ဆိုပါတယ်။
AGM H5 ဟာ Rugged ဖုန်းတစ်ခုရဲ့ အင်္ဂါရပ်နဲ့အညီ ရေလုံပြီး လွတ်တဲ့ဒဏ်ခံနိုင်ရည် ရှိသလို Dustproof ပါလို့ ဖုန်မှုန်ဝင်တဲ့ ဒဏ်ကိုလည်း ခံနိုင်မှာပါ။ ထောက်ခံချက်တွေအနေနဲ့ IP68 Rating ၊ IP69K နဲ့ အမြင့်ဆုံး အကြမ်းပတမ်းခံနိုင်မှု MIL-STD-810H ထောက်ခံချက် ပါရှိတာ ဖြစ်လို့ အမြင့် ၁.၅ မီတာ ကနေ လွတ်ကျလို့ ပြဿနာ မရှိသလို ရေအနက် ၁ မီတာခွဲမှာလည်း နာရီဝက်အထိ ရေစိမ်ခံနိုင်မှာပါ။ Dust Proof က ၉၉% ခံနိုင်ပါတယ်။
ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် အမိုက်စား ဆွဲဆောင်မှုတစ်ခုက နောက်ဆုံးပေါ် AndroidOS ဖြစ်တဲ့ Android 12 နဲ့ လာတာပါ။ OS Update သစ် ဖြစ်လို့ Security နဲ့ ဖုန်းဆော့ဖ်ဝဲလ်လုပ်ဆောင်ချက်တွေမှာလည်း အမြင့်စားစွမ်းဆောင်ရည် ရရှိမှာ ဖြစ်ပါတယ်။ ကျောဘက်မှာ LED RGB အလင်းကွင်းနဲ့ ပတ်လည်ဝိုင်းထားတဲ့ စက်ဝိုင်းပုံ အကြီးစား စပီကာတစ်ခု ပါရှိပြီး 109dB ပါလို့ ကြားဖူးသမျှ စမတ်ဖုန်းစပီကာတွေထဲမှာ အသံအကျယ်ဆုံး ဖြစ်နေမှာပါ။
မျက်နှာပြင်ဆိုဒ် ၆.၅၂ လက်မ LCD Display ဟာ 5 point multi-touch လုပ်ဆောင်ချက် ပါရှိပြီး waterdrop notch ဒီဇိုင်း Screen နဲ့ လာပါတယ်။ ရှေ့ဘက်မှာ 20MP Selfie ကင်မရာ ပါရှိပြီး ကျောဘက်မှာ Samsung ထုတ် 48MP Main Sensor နဲ့အတူ 20MP Infrared Night Vision နဲ့ 2MP Macro Cameraတို့ သုံးထားပါတယ်။ စိတ်ဝင်စားစရာက ဒီဖုန်းမှာ NFC Support ပါလာတာပဲ ဖြစ်ပါတယ်။
Processor အနေနဲ့ MediaTek Helio G35 နဲ့လာပြီး RAM 4/64 GB နဲ့ RAM 6/128GB Storage ဆိုပြီး ဗားရှင်းနှစ်မျိုး ထွက်ထားပါတယ်။ ဘက်ထရီပါဝါ 7000 mAh ကြောင့် အားတစ်ခါ သွင်းထားတာနဲ့ စိတ်ကြိုက်အသုံးပြုနိုင်မှာပါ။ မတ်လ ၁၅ ရက်ကနေ ဧပြီ ၁၈ ရက်အတွင်း ၅% ကနေ ၁၅% လျှော့ဈေး အမျိုးမျိုးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး AGM buds တစ်ခုနဲ့ charging dock တစ်ခုပါ Free ပေးသွားမယ်လို့ ဆိုပါတယ်။
ဈေးနှုန်းအနေနဲ့ 4/64GB မော်ဒယ်ကို ၂၆၉ ဒေါ်လာ (မြန်မာငွေ ၄ သိန်း ၈ သောင်းခန့်) နဲ့ 6/128GB ကို ၂၉၉ ဒေါ်လာ (မြန်မာငွေ ၅ သိန်း ၃ သောင်းကျော်) ဈေး သတ်မှတ်ထားပါတယ်။