အမေရိကန်ကော်ပိုရေးရှင်းတွေအနေနဲ့ ဆိုက်ဘာလုံခြုံရေးအကာအကွယ်တွေ ကြံ့ခိုင်အောင် လုပ်ထားဖို့ သမ္မတဂျိုးဘိုင်ဒင်က တနင်္လာနေ့က တပ်လှန့်သတိပေးထားပါတယ်။
ထောက်လှမ်းရေးအစီရင်ခံစာတွေအရ ရုရှားဘက်ကနေ ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်နိုင်တယ်လို့ ဖော်ပြနေတာကြောင့် အခုလို ဆိုက်ဘာလုံခြုံရေး သတိထားဖို့ သမ္မတဘိုင်ဒင်က သတိပေးထားတာပါ။ ကလေးငယ် ၃၉ ဦးအပါအဝင် လူပေါင်း ၉၀၀ ကျော် သေဆုံးခဲ့ရတဲ့ ရုရှားတပ်တွေရဲ့ ယူကရိန်းကျူးကျော်စစ် ဖြစ်ပွားမှု ၁ လနီးပါးအကြာမှာ သမ္မတက ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ညွှန်ကြားလာတာ ဖြစ်တယ်လို့လည်း CNBC သတင်းက ဖော်ပြပါတယ်။
"အရင်ကလည်း ကျွန်တော်တို့မဟာမိတ်တွေနဲ့ မိတ်ဖက်တွေ တွဲပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကနေ မကြုံဖူးတဲ့ စီးပွားရေးဆုံးရှုံးနစ်နာမှုတွေကို ပြန်တုံ့ပြန်ဖို့ အပါအဝင် ရုရှားဟာ အမေရိကန်ပြည်ထောင်စုကို အဖျက်အမှောက်လုပ်ရပ်မျိုး လုပ်ဆောင်ဖို့ အလားအလာရှိတဲ့အကြောင်း အရင်ကလည်း ကျွန်တော် သတိပေးပြီးဖြစ်ပါတယ်။"လို့ သမ္မတက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အခုလည်း ရုရှားအစိုးရအနေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဖို့ ရှိတယ်ဆိုတဲ့ ထောက်လှမ်းချက်တွေကို အခြေခံပြီး ဒီသတိပေးချက်ကိုပဲ ထပ်မံ ပြောဆိုတာလို့လည်း ဆိုပါတယ်။ အိမ်ဖြူတော်အနေနဲ့ ဖြစ်လာနိုင်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်ဖို့ ညွှန်ကြားထားပြီ ဖြစ်သလို အမေရိကန်ကုမ္ပဏီတွေကိုလည်း အချက်အလက်တွေ လျှို့ဝှက်ထားဖို့ ၊ အရံ Back Up သိမ်းထားဖို့ ၊ စကားဝှက်တွေ အသစ်ပြောင်းဖို့နဲ့ နောက်ဆုံးပေါ် လုံခြုံရေးချို့ယွင်းချက်ပြုပြင်မှုတွေ လုပ်ဆောင်ထားဖို့လည်း ပြောကြားထားပါတယ်။
မကြာသေးမီကပဲ အမေရိကန်နည်းပညာကုမ္ပဏီတချို့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ကြုံတွေခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာ အမေရိကန်ဆော့ဖ်ဝဲလ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ HubSpot ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရပြီး ဒီတိုက်ခိုက်မှုဟာ Cryptocurrency ဖောက်သည်တွေကို ရည်ရွယ်တယ်လို့ သံသယရှိထားကြပါတယ်။ HubSpot ကတော့ ဘယ်အဖွဲ့အစည်းက တိုက်ခိုက်သွားသလဲလို့ ပြောကြားခြင်း မရှိပါဘူး။
ကမ္ဘာ့အကြီးဆုံး ဆော့ဖ်ဝဲလ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Microsoft ကတော့ ပြီးခဲ့တဲ့လကုန်ပိုင်းမှာ အမေရိကန်အစိုးရနဲ့ ဆိုက်ဘာခြိမ်းခြောက်မှုဆိုင်ရာ သတင်းအချက်အလက်တွေ မျှဝေမှုလုပ်ခဲ့ပါတယ်။ ဒီထဲမှာ ယူကရိန်း စစ်တပ်နဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို တွေ့ခဲ့ရကြောင်း Microsoft က ပြောကြားခဲ့ပေမယ့် ဒီထဲမှာ ရုရှား ဒါမှမဟုတ် တခြား ဘယ်အဖွဲ့အစည်းက လုပ်ပါတယ်ဆိုပြီး ထောက်ပြပြောဆိုထားခြင်းတော့ မဟုတ်ပါဘူး။