Facebook နဲ့ Instagram အပြင် Twitter ကိုလည်း ပိတ်ထားပါတယ်။

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ကို အစွန်းရောက်လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ရုရှားတရားရုံးက ပြောပါတယ်။ 

မော်စကိုတရားရုံးရဲ့ ဆုံးဖြတ်ချက်အရ Meta ဟာ အစွန်းရောက်လုပ်ရပ်တွေအတွက် အပြစ်ရှိကြောင်း ဖော်ပြထားပေမယ့် ဒီစီရင်ချက်မှာ WhatsApp စာပို့ဝန်ဆောင်မှုတော့ အကျုံးဝင်ခြင်း မရှိဘူးလို့လည်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ရုရှားအစိုးရဟာ Meta ပိုင် လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook နဲ့ Instagram တို့ကိုလည်း နိုင်ငံအတွင်း အသုံးပြုမှု ပိတ်ပင်ထားပါတယ်။ 





မော်စကို Tverskoi ခရိုင်တရားရုံးဟာ နိုင်ငံအတွင်း Meta ရဲ့ စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှု ပိတ်ဖို့ ရုရှားအစိုးရရှေ့နေတွေကနေ စွဲချက်တင်ထားတာကို အတည်ပြုကြောင်း ပြောထားပြီး ဒီအမိန့်ကို Meta ဘက်က မှတ်ချက်ချတာမျိုးတော့ မရှိသေးပါဘူး။ ရုရှားအစိုးရအဖွဲ့ဟာ Facebook နဲ့ Twitter တို့ကို ရုရှားမီဒီယာတွေအပေါ် ဘက်လိုက်ခွဲခြားမှု ၊ ရုရှားကျူးကျော်သူတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ တောင်းဆိုတဲ့ ပို့စ်တွေ တင်ခွင့်ပြုမှုတွေနဲ့ မတ်လဆန်းပိုင်းမှာ ပိတ်ပင်ထားကြပါတယ်။ 


Facebook ဟာ ဒီလဆန်းပိုင်းမှာ ယူကရိန်းကို ကျူးကျော်လာတဲ့ ရုရှားလက်နက်ကိုင်တပ်တွေကို ပြန်တိုက်ဖို့ ပြောတဲ့ ပို့စ်တွေကို ယူကရိန်းအပါအဝင် နိုင်ငံတချို့မှာ ယာယီခွင့်ပြုပေးခဲ့ပါတယ်။ ဒီအပြောင်းအလဲဟာ အကြမ်းဖက်ရေးပို့စ်တင်မှုတွေ ပိတ်ပင်ထားတဲ့ Facebook ရဲ့ အမုန်းစကားမူဝါဒကို ယာယီခွင့်ပြုမှုလုပ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီလုပ်ရပ်အပေါ် ရုရှားဘက်က အစွန်းရောက်လုပ်ရပ်ဖြစ်ကြောင်း ဝါရှင်တန်ကို တိုင်ခဲ့ပါတယ်။ 


ရုရှားရှေ့နေတွေဟာ ၂၀၁၆ ခုနှစ်က Instagram ပေါ် တင်ထားတဲ့ အဒေါ့ဖ်ဟစ်တလာရဲ့ ဓါတ်ပုံတွေကို ထောက်ပြပြီး Facebook နဲ့ Instagram ပလက်ဖောင်းတွေပေါ်မှာ အစွန်းရောက်အရာဝတ္ထုတွေ တွေ့နိုင်ကြောင်း စွပ်စွဲထားပါတယ်။ ဒါ့အပြင် Facebook သုံးစွဲသူတွေဟာ ယူကရိန်းနိုင်ငံအတွင်း ရုရှားစစ်တပ်သားတွေသာမက ရုရှားနိုင်ငံသားတွေကိုပါ အကြမ်းဖက်ဖို့ တိုက်တွန်းနေကြကြောင်း အခိုင်အမာပြောထားပါတယ်။ 


Meta ရဲ့ ကမ္ဘာ့ရေးရာဥက္ကဌ နစ်ခ်ကလက်ကတော့ "ရုရှားပြည်သူတွေနဲ့ ရန်ဖြစ်နေကြတာ မဟုတ်ဘဲ ကိုယ့်နိုင်ငံကို ကျူးကျော်လာသူတွေကို ခုခံကာကွယ်ဖို့ ထုတ်ပြောချက်ကို လူ့အခွင့်အရေးအဖြစ် ကာကွယ်နေတာ ဖြစ်ကြောင်း " Twitter ကနေ တစ်ဆင့် တုံ့ပြန်ခဲ့ပါတယ်။ ရုရှားတရားရုံးအနေနဲ့ Meta ကို အစွန်းရောက်လုပ်ရပ်တွေအတွက် အပြစ်ရှိကြောင်း ပြောထားပေမယ့် WhatsApp ကိုတော့ ပိတ်ပင်ခြင်းမပြုဘဲ ချန်လှပ်ထားခဲ့ပါတယ်။ 


ပြီးခဲ့တဲ့နှစ်က ရုရှားမှာ Facebook သုံးစွဲသူ ၇.၅ သန်း ရှိခဲ့ပြီး WhatsApp သုံးစွဲသူ ၆၇ သန်းအထိ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ Instagram ကတော့ ရုရှားမှာ အသုံးပြုသူသန်း ၈၀ အထိ ရှိနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က