တစ်ကမ္ဘာလုံးမှာ ကြည့်လိုက်မယ်ဆိုပါက နှစ်မိနစ်တိုင်းမှာ သားအိမ်ခေါင်းကင်ဆာ ရောဂါကြောင့် အမျိုးသမီးတစ်ဦးအသက်ဆုံးရှုံးနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ သားအိမ်ခေါင်းကင်ဆာ နဲ့ ပတ်သက်ပြီး အရေးတကြီး သတိထား ရမှာက လက္ခဏာလုံးဝမပြတတ်ပါဘူး။ကင်ဆာဖြစ်နေမှန်း သိလိုက်တဲ့အချိန်မှာ အဆင့်က နောက်ကျနေပါပြီ။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာကို အသံတိတ်လူသတ်သမားလို့တောင် သုံးနှုန်းပြောဆိုကြတာ ရှိပါတယ်။
ဒီလိုမျိုး အန္တ ရာယ်များတဲ့ သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး အမျိုးသမီးတိုင်း သိထားသင့်တဲ့ ကျန်းမာ ရေးဗဟုသုတတွေကို ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း ဥက္ကဌ ပါမောက္ခဒေါက်တာရင်ရင်ထွန်းက ဆွေးနွေးဝေမျှပေးမှာဖြစ်ပါတယ်။
ဓာတ်ပုံ - cgtn
အဖြစ်များပေမဲ့ ကြိုတင်ကာကွယ်လို့ ရတဲ့ ကင်ဆာ
သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များဆုံး ကင်ဆာတစ်မျိုးဖြစ်ပေမဲ့ သူ့ရဲ့ အားသာချက်က ကြိုတင်ကာကွယ်လို့ ရခြင်းပါပဲ။ ဒါကြောင့် နိုင်ငံတကာမှာ ဇန်နဝါရီလကို သားအိမ်ခေါင်းကင်ဆာ သတိပေးနှိုးဆော်ရေးလ (Cervical Cancer Awareness Month) အဖြစ် သတ်မှတ်ထားကာ သားအိမ်ခေါင်းကင်ဆာပပျောက်ရေးအတွက် ကြိုးစားနေကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ အမျိုးသမီးတွေ သားအိမ်ခေါင်းကင်ဆာ ပပျောက် ရေးအတွက် တိုက်တွန်းထားပါတယ်။
သားအိမ်ခေါင်းကင်ဆာ အဖြစ်များသော အမျိုးသမီးများ
အိမ်ထောင်ကျတာစောတဲ့ အမျိုးသမီးတွေ၊ အိမ်ထောင်ဖက်များတဲ့ အမျိုးသမီးတွေနဲ့ အသက် ၃၀ နဲ့ ၄၀ကြား အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါက သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်ပါတယ်။
အသက်အန္တရာယ်စိုးရိမ်ရတဲ့ သားအိမ်ခေါင်းကင်ဆာ
ကြောက်ဖို့ကောင်းတာက အကြိုလက္ခဏာမပြဘဲ ကင်ဆာလို့ သိလိုက်တဲ့အချိန်မှာ နောက်ဆုံးအဆင့်ကို ရောက် နေပါပြီ။ သာမန်အားဖြင့် ကင်ဆာကို အဆင့် ၁၊၂၊၃၊ ၄ သတ်မှတ်ထားတာပါ။ အဆင့် ၄ လောက် ရောက်ပြီဆို ရင်တော့ ကင်ဆာပိုးက သားအိမ်ခေါင်းမှာတင်မဟုတ်တော့ဘဲ အခြားနေရာတွေကို ပျံ့နှံ့သွားတာဖြစ်တဲ့အတွက် အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ စောစောသိနိုင်ဖို့ (ဒါမှမဟုတ်) ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်။
ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်မလဲ
သားအိမ်ခေါင်းဆောင်က ကြိုတင်ကာကွယ်အထားသင့်ဆုံး ရောဂါဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဟာ အသက် ၉ နှစ်ကနေ ၁၁ နှစ်အရွယ် အမျိုးသမီးငယ်လေးတွေကို ထိုးနှံပေးနိုင်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအရွယ်က သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဖို့အတွက် ပဋိဇီဝပစ္စည်းထွက်တာ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ - verywell health
မြန်မာနိုင်ငံက အမျိုးသမီးအများစုဟာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးဖို့ မမှီခဲ့ပါဘူး။ သားအိမ်ခေါင်းကင်ဆာဟာ အကြိုအဆင့်မှာနေတာ ၁၀ နှစ် ၁၅ နှစ်ရှိပါတယ်။ အမျိုးသမီးတွေအနေနဲ့ ရောဂါပိုး ရှိ၊မရှိ သုံးနှစ်တစ်ခါ စစ်ဆေးသင့်ပါတယ်။ ရောဂါပိုးကို သုံးနှစ်တစ်ခါစစ်ဆေးတာကလည်း ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဘယ်အရွယ်မှာ စထိုးနှံသင့်လဲ
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အသက် ၉ နှစ်က ၁၄ နှစ် အတွင်း ထိုးနှံတာ အကောင်းဆုံးဖြစ်ပါတယ်။ အသက် ၁၅ နှစ်ကနေ ၂၆ နှစ်အတွင်း အမျိုးသမီးတွေကတော့ သုံးကြိမ်ထိုးဖို့ လိုအပ်ပြီး အသက် ၁၂ နှစ်ကနေ ၁၉ နှစ်အတွင်း အမျိုးသမီးတွေကတော့ နှစ်ကြိမ်ထိုးနှံဖို့ လိုအပ်ပါတယ်။ အသက် ၂၆ ကျော်လွန်သွားတဲ့ အမျိုးသမီးတွေအနေနဲ့ကတော့ သားအိမ်ခေါင်းကင်ဆာ ရှိ၊မရှိ စစ်ဆေးဖို့ လိုအပ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ လက္ခဏာများ
- ပုံမှန်ဆင်းနေကျထက် ပိုပြီးသွေးဆင်းခြင်း
- လိင်ဆက်ဆံပြီးချိန် သွေးဆင်းခြင်း
- အဖြူနဲ့ အကျိအချွဲတွေဆင်းခြင်း
ဒီလက္ခဏာတွေဖြစ်လာပြီဆိုပါက ဆ ရာဝန်တွေနဲ့ တိုင်ပင်ပြသဖို့လိုပါတယ်။
မဖြစ်မနေစစ်ဆေးဖို့လိုတဲ့ သားအိမ်ခေါင်းကင်ဆာ
သားအိမ်ခေါင်းကင်ဆာသည် ကြွက်နို့ပိုး (HPV Virus) ကတစ်ဆင့်ဖြစ်ပွားတာပါ။ ဒီပိုးဟာ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးဖြစ်တဲ့အတွက် လိင်ဆက်ဆံဖူးတဲ့ အမျိုးသမီးတိုင်း အန္တ ရာယ်ရှိတယ်ဆိုတာ ကို သတိပြုဖို့ လိုအပ်ပါတယ်။ အမျိုးသမီးအများစုဟာ သားအိမ်ခေါင်းကင်ဆာ စစ်ဖို့ ရှက်တတ်၊ ကြောက်တတ်ကြပါတယ်။ လက္ခဏာလည်းမပြဘူးဆိုတော့ အများစုမစစ်ချင်ကြပါဘူး။ စစ်မှသာလျှင် ကာကွယ်နိုင်မှာဖြဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးအားလုံး သားအိမ်ခေါင်းကင်ဆာ စစ်ဖြစ်အောင် စစ်ပါလို့ တိုက်တွန်းချင်ပါတယ်။