ဝေးလ်စ်လက်ရွေးစင် အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်ဟာ မနေ့ညက ကစားခဲ့တဲ့ ဝေးလ်စ်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်မှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ ဝေးလ်စ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်အဖြစ် သြစတြီးယားနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ဒီပွဲမှာ ဂါရတ်ဘေးလ်က ဝေးလ်စ်အတွက် ပွဲထွက်ကစားခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးလုံးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပထမဂိုးမှာလည်း ဂါရတ်ဘေးလ်ရဲ့ ဖရီးကစ်ကန်ချက်က တော်တော်လေး ကောင်းမွန်လှပခဲ့ပြီး ရင်သပ်ရှုမောဖွယ် သွင်းဂိုးအဖြစ် ချီးကျူးခံနေရပါတယ်။
ဒုတိယပိုင်းစပြီး (၅) မိနစ်အကြာမှာလည်း ဂါရတ်ဘေးလ်ကပဲ ဝေးလ်စ်အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးတဂိုးကို ထပ်မံသွင်းယူပေးကာ အသင်းကို ကာတာကမ္ဘာ့ဖလား ဝင်ရောက်ခွင့်အတွက် ခြေလှမ်းတလှမ်း နီးစပ်စေခဲ့ပါတယ်။ အလာဘာ၊ အနော်တိုဗစ်၊ ဆာဘစ်ဇာတို့ရဲ့ သြစတြီးယားတို့ကတော့ အဝေးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့ပေမယ့် ဆာဘစ်ဇာရဲ့ ချေပဂိုးတဂိုးသာ ပြန်လည်ရရှိခဲ့ပါတယ်။
ဂါရတ်ဘေးလ်ကတော့ ဒီနိုင်ပွဲနဲ့ သူ့ရဲ့သွင်းဂိုးတွေကြောင့် ပရိသတ်တွေအကြား ပွဲဆူစေခဲ့ပြန်ပါတယ်။ ရီးရဲယ်မက်ဒရစ်မှာ အမြဲတမ်းလိုလို ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂါရတ်ဘေးလ်ဟာ ဝေးလ်စ်ပွဲစဥ်တွေရှိတယ်ဆိုရင် အဆင်သင့်ဖြစ်နေကျပါ။
ပြီးခဲ့တဲ့ တနင်္ဂနွေမှာ ကစားခဲ့တဲ့ ရီးရဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ အယ်လ်ကလက်စီကိုပွဲကိုတောင် ဂါရတ်ဘေးလ်က ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရက်ပိုင်းအကြာမှာတင် ဝေးလ်စ်အတွက် လေ့ကျင့်ခန်းဆင်းပြီး အခုလိုမျိုး အရေးပါတဲ့သွင်းဂိုးတွေကိုပါ သွင်းယူပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။