ထိပ်ထိပ်ကြဲ နည်းပညာကုမ္ပဏီကြီးတွေကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ပြီး ငွေညှစ်သွားတယ်လို့ ယူဆထားတဲ့ Lapsus$ ဟက်ကာအဖွဲ့ထဲက အဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်ဘာရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်တဲ့ Lapsus$ ဆိုတာ ဒီလထဲမှာပဲ Microsoft ၊ Samsung ၊ Okta နဲ့ Nvidia စတဲ့ နည်းပညာကုမ္ပဏီကြီးတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားခဲ့တဲ့ ဟက်ကာအဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ကုမ္ပဏီကြီးတွေကို ဆိုက်ဘာခြိမ်းခြောက်မှုတွေ လုပ်ပြီး ငွေညှစ်တာ ဖြစ်ပါတယ်။ BBC သတင်းအရ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ဟာ Lapsus$ ဟက်ကာအဖွဲ့ နဲ့ ဆက်စပ်နေတယ်လို့ သံသယရှိတဲ့ ဆယ်ကျော်သက်လူငယ် ၇ ဦးကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
"လန်ဒန်မြို့တော်ရဲဌာနဟာ သူ့မိတ်ဖက်အဖွဲ့တွေနဲ့အတူ ဟက်ကာအဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်နေပါတယ်။ အသက် ၁၆ နှစ်ကနေ ၂၁ နှစ်အတွင်း လူ ၇ ဦးကို ဒီစုံစမ်းစစ်ဆေးမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ စုံစမ်းမှုတွေဆက်လုပ်နေပါတယ်" လို့ လန်ဒန်ရဲဌာနက ပြောပါတယ်။
ဆိုက်ဘာလုံခြုံရေးသုတေသီတွေဟာ တိုက်ခိုက်မှုကို စုံစမ်းရာမှာ Hacking လုပ်ပြီး ဒေါ်လာ ၁၄ သန်း ရှာနိုင်ခဲ့တယ်လို့ သံသယရှိတဲ့ အောက်စဖို့ဒ်မြို့နေ ၁၆ နှစ်အရွယ် လူငယ်ကို ခြေရာခံမိခဲ့တာပါ။ Hacking Group နဲ့ ဆက်စပ်တဲ့ အကောင့် ၇ ခုကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် အင်္ဂလန်မှာ နေထိုင်တဲ့ ဆယ်ကျော်သက်က Lapsus$ ရဲ့ အဓိက Hacks လုပ်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်ပုဂ္ဂိုလ်ဖြစ်မယ်လို့ ဆိုက်ဘာလုံခြုံရေးသုတေသီတွေက ယူဆထားကြပါတယ်။
အင်တာနက်ပေါ်မှာ White ဒါမှမဟုတ် Breachbase လို့ နာမည်ပေးထားတဲ့ဒီကောင်လေးဟာ အော်တစ်ဇင်ဖြစ်နေသူတစ်ဦးဖြစ်ပြီး တောင်အမေရိကမှာ အခြေစိုက်လှုပ်ရှားတယ်လို့ ယုံကြည်ရတဲ့ Lapsus$ ဟက်ကာအဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်ဖြစ်နိုင်တယ်လို့ပါ ပြောနေကြပါတယ်။ BBC News က တွေ့ဆုံတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့ဖခင်ဖြစ်သူက ဟက်ကာအဖွဲ့မှာ သူ့သားပါဝင်နေတယ်ဆိုတာ မသိဘူးလို့ ပြောပါတယ်။
"အရင်ကလည်း ဒါမျိုး တစ်ခါမှမကြားဖူးပါဘူး။ သားက ကွန်ပျူတာပိုင်း ကျွမ်းပြီး ကွန်ပျူတာနဲ့ အချိန်ကုန်တယ်ဆိုပေမယ့်လည်း Hacking အကြောင်းလည်း ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ကျွန်တော်ကတော့ သူဂိမ်းကစားနေတာလို့ပဲ ထင်နေခဲ့တာပါ။ သူ့ကို ကွန်ပျူတာတွေဘက် မရောက်အောင် ဟန့်တားနေရပါတယ်။" လို့ ဆိုပါတယ်။
Lapsus$ ဟာ ဆိုက်ဘာပြစ်မှုတွေ လုပ်လာတာ သိပ်မကြာသေးတဲ့ အဖွဲ့ဖြစ်ပေမယ့် အကြီးစားတိုက်ခိုက်မှုတွေကို လုပ်ရာကနေ အချိန်တိုအတွင်း လူပြောများတဲ့ ဟက်ကာအဖွဲ့ ဖြစ်လာတာပါ။ ဒီလထဲမှာတင် Lapsus$ အဖွဲ့ဟာ Nvidia ၊ Samsung ၊ Ubisoft ၊ Okta နဲ့ Microsoft တို့အပါအဝင် ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေကို ဆိုက်ဘာလုံခြုံရေးချိုးဖောက်ဝင်ရောက်မှုတွေ လုပ်ခဲ့သလို Social Media တွေပေါ်မှာပါ သူတို့ hacks ခဲ့တဲ့အကြောင်းကို လူသိရှင်ကြား ချပြခဲ့ပါတယ်။
Microsoft ရဲ့ စုံစမ်းစစ်ဆေးမှုအရ ဒီအဖွဲ့အနေနဲ့ ယူကေ နဲ့ တောင်အမေရိကတို့က အဖွဲ့အစည်းတွေကို စတင် ပစ်မှတ်ထားခဲ့ပြီး အခုတော့ ကမ္ဘာအနှံ့က အစိုးရအေဂျင်စီ ၊ တယ်လီကွန်းဆက်သွယ်ရေးနဲ့ ကျန်းမာရေးကဏ္ဍဘက်က ကုမ္ပဏီတွေအပါအဝင် အဖွဲ့အစည်းအများအပြားကို ပစ်မှတ်ထားလာပြီလို့ ဆိုပါတယ်။ Microsoft ရော Okta ကပါ လုံခြုံရေးကျိုးပေါက်မှုအကြောင်း ဝန်ခံခဲ့ပေမယ့် ဆိုးဆိုးဝါးဝါး ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ပြောထားပါတယ်။