Samsung လည်း Apple လိုမျိုး Galaxy ဖုန်းပိုင်ရှင်တွေကို ကိုယ့်ဘာသာပြုပြင်နိုင်မယ့် Self-Repair ပရိုဂရမ်တစ်ခု စတင်တော့မယ်လို့ ဆိုပါတယ်။
Samsung ကုမ္ပဏီဟာ နာမည်ကျော် ဖုန်းပြုပြင်နည်းလမ်းညွှန်နဲ့ အပိုပစ္စည်းဝက်ဘ်ဆိုက် iFixit နဲ့ ပေါင်းပြီး ဒီနှစ်နွေရာသီက စပြီး Galaxy ထုတ်ကုန်ပိုင်ရှင်တွေကို ကိုယ့်ဖုန်းကို ပြုပြင်နိုင်ဖို့ အပိုပစ္စည်းတွေ ၊ ဖုန်းပြင်ပစ္စည်း နဲ့ ဖုန်းပြုပြင်မှုလမ်းညွှန်တွေ ပေးသွားမယ်လို့ The Verge သတင်းက ဖော်ပြပါတယ်။ Samsung ရဲ့ Self-Repair ပရိုဂရမ်ကနေ Galaxy S20 /S21 စီးရီးနဲ့ Galaxy Tab S7 Plus တို့အတွက် အပိုပစ္စည်းတွေ ကနဦး တင်ပေးသွားမယ်လို့ ဆိုပါတယ်။
နောက်ဆုံးထွက် Galaxy S22 Ultra သစ်တွေကတော့ လောလောဆယ် အစီအစဉ်မှာ မပါသေးဘူးလို့လည်း သတင်းက ဖော်ပြပါတယ်။ ကနဦးအနေနဲ့ Samsung Self-Repair အစီအစဉ်ကနေ Display ၊ ကျောဘက်မှန် နဲ့ အားသွင်းပေါက်လို အစိတ်အပိုင်းတွေ မှာယူနိုင်မှာပါ။ ကုမ္ပဏီအနေနဲ့ နောက်ထပ် ထုတ်ကုန်တွေ တိုးပြီး Self-Repair အစီအစဉ်မှာ ထည့်သွင်းနိုင်အောင် ကြိုးပမ်းသွားမယ့်အကြောင်း ပြောထားသလို ပျက်နေတဲ့ ပစ္စည်းအစိတ်အပိုင်းတွေလည်း Recycle လုပ်ဖို့အတွက် Samsung ဆီ ပို့နိုင်မယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ဟာ Samsung နဲ့ ပေါင်းပြီး သူတို့ရဲ့ ဖုန်းပြုပြင်ရေး လမ်းညွှန်နဲ့ DIY ပစ္စည်းအစိတ်အပိုင်း ထောက်ပံ့မှုကို ပိုကောင်းအောင် လုပ်ဆောင်နေပါတယ်။" လို့ iFixit အမှုဆောင်အရာရှိချုပ် ကိုင်းလ် ဝီအန်းက ဆိုပါတယ်။ Microsoft လည်း iFixit နဲ့ ပေါင်းပြီး Surface Tools တွေ ထုတ်လုပ်ဖို့ လုပ်ဆောင်နေပါတယ်။ အီလက်ထရွန်းနစ်ပစ္စည်း ဝယ်သူတွေနဲ့ လုပ်ငန်းငယ်လေးတွေအတွက် ကိုယ်ဝယ်ထားတဲ့ ထုတ်ကုန်တွေကို ကိုယ့်ဘာသာ ပြုပြင်နိုင်ခွင့် Right To Repair ဥပဒေအတည်ပြုနိုင်ဖို့ ကြိုးစားနေချိန်မှာ အခုလို ထိပ်တန်းဖုန်းကုမ္ပဏီကြီးတွေက Self-Repair အစီအစဉ် စတင်လာတာပါ။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ Apple ဟာ iPhone ပိုင်ရှင်တွေကို ကိုယ့်ဘာသာ ဖုန်းပြုပြင်နိုင်မယ့် Self-Repair အစီအစဉ် စတင်ခဲ့ပြီး ဒီအစီအစဉ်မှာတော့ iPhone အပြင် M1 Chip သုံး MacBook Air ၊ ၁၃ လက်မ MacBook Pro ၊ Mac Mini နဲ့ ၂၄ လက်မ iMac စတဲ့ ထုတ်ကုန်တွေပါ အကျုံးဝင်မယ်လို့ ဆိုပါတယ်။