ဒီနှစ်ထဲမှာတင် ဒေါ်လာ ၂၄ ဘီလျံနီးပါးအထိ ဝင်ငွေရခဲ့တာပါ

ကမ္ဘာပေါ်မှာ ဒေါ်လာဘီလျံ ၁၀၀ နဲ့ အထက် ပိုင်ဆိုင်သူ ၁၀ ဦးပဲ ရှိပြီး ဒီစာရင်းမှာ အာရှသားသူကြွယ်တစ်ယောက် ပထမဆုံးအကြိမ် ပါဝင်လာပြီ ဖြစ်ပါတယ်။ 

Centibillionaires Club လို့ ခေါ်တဲ့ ဒေါ်လာဘီလျံ ၁၀၀ နဲ့ အထက် ချမ်းသာသူစာရင်းမှာ အသစ်ထပ်တိုးလာသူတစ်ဦးက အိန္ဒိယနိုင်ငံသား စက်မှုလုပ်ငန်းရှင် ဂေါသန် အဒါနီပဲ ဖြစ်ပါတယ်။ အိန္ဒိယသူဌေးကြီး အဒါနီဟာ သယ်ယူပို့ဆောင်ရေး ၊ စွမ်းအင် ၊ စိုက်ပျိုးရေးလုပ်ငန်း ၊ လေကြောင်းလိုင်း စတဲ့ စီးပွားရေးလုပ်ငန်းအမျိုးမျိုးလုပ်ပြီး ဒေါ်လာ ၁၀၃.၄ ဘီလျံအထိ ချမ်းသာလာတယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။ 





၁၉၈၈ ခုနှစ် သူ့အသက် ၂၆ နှစ်အရွယ်မှာ စတင် တည်ထောင်ခဲ့တဲ့ Adani Group ဟာ လက်ရှိအချိန်မှာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁၅၇ ဘီလျံခန့် တန်ကြေးရှိတယ်လို့ ဆိုပါတယ်။ Adani Group အောက်မှာ Adani Enterprises ၊ Adani Green Energy ၊ Adani Ports & SEZ ၊ Adani Power ၊ Adani Transmission ၊ Adani Total Gas နဲ့ Adani Wilmar ဆိုပြီး လုပ်ငန်းခွဲ ၇ ခုလည်း ထပ်ရှိပါတယ်။ 


Adani Group ဟာ နိုင်ငံပေါင်း ၅၀ ၊ နေရာပေါင်း ၇၀ မှာ လုပ်ငန်းလည်ပတ်နေပြီး နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁၅ ဘီလျံကျော် ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာ Adani Group ဟာ ဈေးကွက်တန်ဖိုး ဒေါ်လာဘီလျံ ၁၀၀ ကျော်တဲ့ တတိယမြောက် အိန္ဒိယလုပ်ငန်းစုကြီး ဖြစ်လာခဲ့ပါတယ်။ Adani Group ကို တည်ထောင်ခဲ့တဲ့ ဂေါသန် အဒါနီဟာ ဒီနှစ်ထဲမှာတင် ဒေါ်လာ ၂၄ ဘီလျံနီးပါးအထိ ဝင်ခဲ့တာကြောင့် ဒေါ်လာဘီလျံ ၁၀၀ ကျော် ချမ်းသာတဲ့ Centibillionaires Club အဖွဲ့ဝင် ဖြစ်လာခဲ့တာပါ။


အရင်က သူ့ထက် ချမ်းသာတဲ့ အိန္ဒိယသား Reliance Jio သူဌေးကြီး မူးကတ်ချ် အမ်ဘာနီဟာ လက်ရှိမှာ ဒေါ်လာ ၉၆ ဘီလျံကျော် နဲ့ သူ့နောက်မှာ ရပ်တည်နေပါတယ်။ ဧပြီလ ၃ ရက်နေ့အထိ Forbes ရဲ့ ကမ္ဘာ့ဘီလျံနာများစာရင်းမှာ အဒါနီဟာ နံပါတ်စဉ် ၉ နေရာက ဖော်ပြခံထားရပါတယ်။ သူ့ရှေ့မှာတော့ အီလွန်မတ်စ် (၂၈၇.၆ ဘီလျံ) ၊ ဂျက်ဖ်ဘီဇော့စ် (၁၈၉.၃ ဘီလျံ) ၊ ဘားနတ် အားနော့မိသားစု (၁၇၃.၅ ဘီလျံ) ၊ ဘီလ်ဂိတ်စ် (၁၃၅ ဘီလျံ) ၊ ဝါရင် ဘတ်ဖတ် (၁၂၇ ဘီလျံ) ၊ လယ်ရီပေ့ချ် ( ၁၁၈.၇ ဘီလျံ) ၊ လယ်ရီ အယ်လီဆင် (၁၁၅.၁ ဘီလျံ) ၊ ဆာဂီဘရင်း (၁၁၄ ဘီလျံ) နဲ့ ဂေါသန် အဒါနီ (၁၀၃.၄ ဘီလျံ) နဲ့ မူးကတ်ချ် အမ်ဘာနီ (၁၀၁.၃ ဘီလျံ) ဆိုပြီး Forbes ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။


မတ်လ ၂၅ ရက်နေ့အထိ Bloomberg Billionaire Index စာရင်းမှာ အဒါနီက ကမ္ဘာ့အချမ်းသာဆုံး ၁၀ ဦးမြောက်အဖြစ် (ဒေါ်လာ ၁၀၀.၁ ဘီလျံ) နဲ့ ရပ်တည်ခဲ့ပါတယ်။ Bloomberg အစီရင်ခံစာ အရဆို သူဟာ လယ်ရီအယ်လီဆင် (ဒေါ်လာ ၁၀၃ ဘီလျံ) ပြီးရင် ၁၀ ဦးမြောက်အချမ်းသာဆုံး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အိန္ဒိယသူကြွယ် အဒါနီရဲ့ ချမ်းသာကြွယ်ဝမှုဟာ ပြီးခဲ့တဲ့နှစ်အတွင်းက တစ်ပတ်ကို ရူပီး ကုဋေ ၆၀၀၀ နှုန်းနဲ့ ချမ်းသာလာခဲ့တယ်လို့ ဆိုပါတယ်။ 


ကောလိပ်ကျောင်းပြီးအောင် မတက်ဘဲ ပညာတစ်ပိုင်းတစ်စနဲ့ ထွက်ခဲ့ပြီး စီးပွားရေးလောကထဲ ကျင်လည်ခဲ့တဲ့ သူဟာ ဆယ်ကျော်သက်အရွယ်ကတည်းက စိန်အကဲခတ်သူအဖြစ်ကနေ ပလတ်စတစ်လုပ်ငန်း ၊ စွမ်းအင်နဲ့ သတ္ထုတွင်းလုပ်ငန်း ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်း စသည်ဖြင့် လုပ်ငန်းပေါင်းစုံထဲ ခြေချလာခဲ့သူ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Adani Green သန့်စင်စွမ်းအင်ကုမ္ပဏီကို ထောင်ပြီးနောက် အဒါနီရဲ့ ကြွယ်ဝချမ်းသာမှုဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ‌ဒေါ်လာ ၁၇ ဘီလျံကနေ ၈၁ ဘီလျံအထိ ၅ ဆ နီးပါး တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ 



Bloomberg ရဲ့ အစီရင်ခံစာအရ အဒါနီရဲ့ စတော့ခ်ရှယ်ယာတချို့ဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ၁၀၀၀ % ကျော်အထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ မတ်လ ၃၁ နေ့အချက်အလက်တွေအရ အဒါနီရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုဟာ နှစ်အစကနေ ၂၇% မြင့်တက်လာခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ဂျိန်းဘာသာဝင် မိသားစုကနေ ကြီးပြင်းလာခဲ့တဲ့ အဒါနီဟာ ဆော်ဒီအာရေဗျလို ကမ္ဘာ့အကြီးဆုံးနဲ့ ပူးပေါင်းပြီး ကမ္ဘာ့အကြီးဆုံး လောင်စာဆီတင်ပို့မှုမှာ ရှယ်ယာဝင်ဖို့ ရှိတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ 

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အိန္ဒိယဘီလျံနာတွေရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ဘီလျံ ၇၀၀ အထိ တိုးလာခဲ့ပြီး ဒါဟာ ဆွစ်ဇာလန်ရဲ့ GDP ပမာဏနဲ့ ညီမျှသလို UAE နိုင်ငံ GDP ရဲ့ ၂ ဆ ခန့် ရှိတာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က