ထိုင်ဝမ် Kaohsiung City မှာ Tesla Model 3 ကားတွေကို ရဲကားအဖြစ် သုံးသွားမယ်လို့ ဆိုပါတယ်။
အာရှမှာ ထိုင်ဝမ်ဟာ ပထမဆုံး Tesla ရဲကားသုံးတဲ့ နိုင်ငံဖြစ်လာပါတယ်။ ထိုင်ဝမ် Kaohsiung City ဟာ ရဲကားအဖြစ် အသုံးပြုဖို့ ပေးအပ်တဲ့ Tesla Model 3 လျှပ်စစ်ကားနှစ်စီး လက်ခံရရှိခဲ့တယ်လို့ Tesla North သတင်းက ဖော်ပြပါတယ်။ နှစ်စီးပေါင်း ထိုင်ဝမ်ဒေါ်လာ ၃.၃ သန်း (ကန်ဒေါ်လာ ၁၁၅၀၀၀ ဝန်းကျင်) တန် Model 3 ကားတွေကို Ching Chan Optical Technology နဲ့ Tianzhen Foundation တို့က ရာဇဝတ်မှု ထောက်လှမ်းရေးနဲ့ ကာကွယ်ရေးမှာ ရဲတပ်ဖွဲ့ အသုံးပြုနိုင်ဖို့ Kaohsiung City ကို ပေးအပ်လှူဒါန်းခဲ့တာပါ။
နှစ်စီးစလုံးက အနက်ရောင်တွေ ဖြစ်ပြီး တစ်စီးကို Kaohsiung City ရဲ့ Hunei Distict ခရိုင် ရာဇဝတ်မှုစုံစမ်းထောက်လှမ်းရေးမှာ သုံးဖို့ လှူထားပြီး ကျန်တစ်စီးကတော့ Kaohsiung City ရဲဌာန အသုံးပြုဖို့ ပေးအပ်ထားတာ ဖြစ်ပါတယ်။ Tesla Model 3 တွေဟာ ပုံမှန် ဓါတ်ဆီကားတွေထက် ထိန်းသိမ်းရေးစရိတ် သက်သာတာကြောင့် ဌာနအတွက် အသုံးစရိတ်ပိုလျှော့ချနိုင်ပြီး တခြား အများပြည်သူလုံခြုံရေး အလုပ်တွေမှာ ပိုအားစိုက်နိုင်မယ်လို့ Tianzhen Foundation ဥက္ကဌ ချန်ဆွန်းရှန်က ပြောပါတယ်။
Tesla Model 3 ကားတွေကို အမေရိကန်နိုင်ငံ နယူးယော့ခ် နဲ့ ကနေဒါနိုင်ငံ နိုဗာ စကော့ရှားတို့က ရဲဌာနတွေမှာလည်း ရဲကားအဖြစ် အသုံးပြုနေပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာပဲ ဆွစ်ဇာလန်နိုင်ငံဟာ Tesla Model Y ကို နိုင်ငံရဲ့ ပထမဆုံး Tesla ရဲကားအဖြစ် အသုံးပြုခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွက် Tesla Model 3 ဟာ Model Y ပြီးရင် ကမ္ဘာ့ဒုတိယအရောင်းသွက်ဆုံး လျှပ်စစ်ကားအဖြစ် ရပ်တည်နေပါတယ်။