အရင်နှစ် ကာလတူထက် ၆၈% ကျော် တင်ပို့နိုင်ခဲ့တာပါ

ကိုဗစ်ကြောင့် ရှန်ဟိုင်းကားစက်ရုံ ပိတ်ထားရသလို ကမ္ဘာ့ Supply Chain ပြဿနာတွေ ရှိနေပေမယ့် Tesla ကား တင်ပို့မှု စံချိန်သစ်တင်ခဲ့တယ်လို့ ဆိုပါတယ်။ 

Tesla ဟာ ၂၀၂၂ ပထမသုံးလပတ်မှာ ကားအစီးရေ ၃၁၀၀၄၈ စီး ပို့ဆောင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ကမ္ဘာ့ကုန်စည်ပို့ဆောင်မှုအခက်အခဲတွေ နဲ့ တရုတ်ရဲ့ ကိုဗစ်ကင်းစင်ရေး မူဝါဒ Zero Covid Policy တွေကြောင့် အရင်ကထက် ခက်ခဲခဲ့တဲ့ သုံးလပတ်ဖြစ်ခဲ့တယ်လို့ Tesla CEO အီလွန်မတ်စ်က ဆိုပါတယ်။ ဒီလို ပြောပေမယ့်လည်း Tesla ရဲ့ နှစ်အလိုက် ကားတင်ပို့မှုဟာ ၆၈% အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။




Tesla ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ကုမ္ပဏီအနေနဲ့ ၂၀၂၂ ပထမသုံးလပတ်အတွင်း Model 3 နဲ့ Model Y ကားအစီးရေ ၂၉၅၃၂၄ စီး နဲ့ Model S ၊ Model X ၁၄၇၂၄ စီး တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် စတုတ္ထသုံးလပတ်တင်ပို့မှု အရေအတွက်ဖြစ်တဲ့ ၃၀၈၆၀၀ စီးထက် အနည်းငယ် ပိုများခဲ့တာ ဖြစ်ပြီး ၂၀၂၁ ပထမသုံးလပတ် တင်ပို့မှုအရေအတွက်ဖြစ်တဲ့ ၁၈၄၈၀၀ စီးထက် ၆၈% ပိုများခဲ့တာလည်း ဖြစ်ပါတယ်။ 

၂၀၂၁ ပထမသုံးလပတ်အတွင်းမှာ Tesla ကားထုတ်လုပ်မှုဟာ ၁၈၀၃၃၈ စီး ရှိခဲ့ရာကနေ ၂၀၂၂ ပထမသုံးလပတ်မှာ ကားအစီးရေ စုစုပေါင်း ၃၀၅၄၀၇ စီးအထိ တိုးမြှင့် ထုတ်လုပ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဈေးကွက်လေ့လာသူတွေက ၂၀၂၂ ပထမသုံးလပတ်မှာ ကားအစီးရေ ၃၁၇၀၀၀ ခန့် တင်ပို့နိုင်ဖို့ ခန့်မှန်းခဲ့တာပါ။ ကားတင်ပို့မှုဟာ အနီးစပ်ဆုံးရောင်းအားနဲ့ ချိန်ထိုးနိုင်မယ်လို့ Tesla က ထုတ်ပြန်ပါတယ်။ 


Tesla ဟာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ဂျာမနီနိုင်ငံ ဘရန်ဒန်ဘာ့ဂ်မှာ ကားစက်ရုံသစ် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။ လက်ရှိ ရုရှား-ယူကရိန်းပြဿနာကြောင့် နီကယ်နဲ့ အလူမီနီယမ်လိုမျိုး ကုန်ကြမ်းဈေးတွေ ထိုးတက်ခဲ့သလို Semiconductor Chip ပစ္စည်းပြတ်လပ်မှုကလည်း ကားထုတ်လုပ်မှုကို အထိနာစေပါတယ်။ ငွေကြေးဖောင်းပွမှုပြဿနာကြောင့်လည်း တရုတ်နဲ့ အမေရိကန်ထုတ် Tesla ကားတွေ ဈေးတက်သွားခဲ့ပါတယ်။ 

ကုမ္ပဏီရဲ့ ရောင်းအားအကောင်းဆုံး Tesla ကားတွေ ဖြစ်တဲ့ Model 3 နဲ့ Model Y တွေကို အများဆုံး ထုတ်လုပ်ပေးနေတဲ့ ရှန်ဟိုင်းကားစက်ရုံ ပိတ်ထားတာကလည်း Tesla အတွက် နောက်ထပ် ထုတ်လုပ်မှုထိုးနှက်ချက် ဖြစ်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က