ရီးရဲလ်မက်ဒရစ်နဲ့ပွဲအပြီးမှာ တူဟယ်လ်က ပြောကြားခဲ့တာပါ။

ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က အသင်းအနေနဲ့ ဒုတိယအကျော့ ရီးရဲလ်မက်ဒရစ် အိမ်ကွင်းမှာ ပြန်လာနိုင်တော့မှာ မဟုတ်ဘဲ ချန်ပီယံလိဂ်ကနေ ထွက်ရပြီလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဟာ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာတင် ၁-၃ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။



ဒါဟာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ အိမ်ကွင်းနှစ်ပွဲဆက်အရှုံးလည်းဖြစ်ခဲ့ပြီး ဒီပွဲတွေမှာ ပေးဂိုး (၇) ဂိုးအထိ ခွင့်ပြုခဲ့ရတာပါ။ ရီးရဲလ်မက်ဒရစ်နဲ့ပွဲက ချဲလ်ဆီးရဲ့ ပထမပိုင်း စွမ်းဆောင်ရည်ကလည်း မြင်ဖူးသမျှထဲ အဆိုးရွားဆုံး ပထမပိုင်း စွမ်းဆောင်ရည်ထဲက တခုဖြစ်တယ်လို့ တူဟယ်လ်က ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ်။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မျှော်လင့်ချက်နဲ့ ပတ်သက်လို့ တူဟယ်လ်ကို မေးမြန်းခဲ့ရာမှာတော့ တူဟယ်လ်က “မရှိတော့ပါဘူး။ လက်ရှိ အခိုက်အတန့်မှာတော့ ဒါတွေကို တွေးနေလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့က ကိုယ့်အဆင့်အတန်းကိုယ် ပြန်လည်ရှာဖွေရတော့မှာပါ။ ဒါက ကြီးမားတဲ့ရှုံးပွဲတပွဲပါ”

“ကျနော် စတမ်းဖို့ဒ်ဘရစ်ချ်မှာ မြင်ဖူးသမျှ အဆိုးရွားဆုံး ပထမပိုင်း စွမ်းဆောင်ရည်တွေထဲက တခုတောင်ဖြစ်နိုင်ပါတယ်။ နောက်ဆုံး ဒါမျိုးမြင်ရတာ ဘယ်တုန်းကလဲမသိပါဘူး။ နိုင်ငံတကာပွဲစဥ်တွေ ပြီးတည်းက ထင်ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲကလို ပထမပိုင်းကစားပုံမျိုးကို ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ပြသခဲ့ပါတယ်။ ဒီတော့ ဒီလို စွမ်းဆောင်ရည်မျိုးနဲ့ ကျနော်တို့ ဘာမှမျှော်လင့်လို့မရပါဘူး”

“ရီးရဲလ်မက်ဒရစ်ကို ကျနော်တို့ ဒုက္ခပေးနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့က ကိုယ့်အဆင့်နဲ့ကိုယ်တောင် အဝေးကြီးဖြစ်နေတယ်လေ။ ဒါက တကယ်ကို စိတ်ပျက်စရာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ရှေ့တပတ်မှာတင် ရီးရဲလ်မက်ဒရစ်အိမ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က