လူတွေရဲ့ အခြေခံအကျဆုံးလိုအပ်ချက်ကတော့ စားဝတ်နေရေးဖြစ်ပါတယ်။ လူဆိုတာ အစားအစာ၊ ရေ၊ နေစရာ စတဲ့ အခြေခံလိုအပ်ချက်တွေ ပုံမှန် ရရှိနေမှ နေ့စဥ် အသက်ရှင်လှုပ်ရှားနိုင်မှာဖြစ်ပါတယ်။
အခြေခံအကျဆုံး လိုအပ်ချက်သာ မရနိုင်ဘူးဆိုရင် လူတစ်ယောက်ဟာ တိုးတက်နိုင်စရာရှိတဲ့ အလားအလာတွေကို လုပ်ဆောင်နိုင်ဖို့ အတွက် အရမ်းခက်ခဲပါတယ်။
လက်ရှိ နေ့စဥ်ဘဝမှာ ကြုံတွေ့နေရတဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လျှပ်စစ်မီးပုံမှန် မရတာ၊ ရေပြတ်တာတွေကလည်း လူတွေရဲ့ နေ့စဥ်ဘဝကို ရုပ်ပိုင်းဆိုင်ရာ အရ ထိခိုက်နေသလို နောက်ဆက်တွဲအနေနဲ့ စိတ်ပိုင်ဆိုင်ရာ ပြဿနာတွေပါ ဖြစ်ပေါ်လာစေနိုင်တာ တွေ့ရပါတယ်။ အခြေခံလိုအပ်ချက် မပြည့်စုံမှုတွေ ကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအပြင် ဘယ်လို စိတ်ဖိစီးမှုတွေ ကြုံတွေ့နိုင်ပါသလဲ စိတ်ပညာနဲ့ ပတ်သက်ပြီး Professional Counsellor တစ်ဦးဖြစ်သူ Diana Lazing က ဆွေးနွေးဝေမျှပေးထားပါတယ်။
အခြေခံလိုအပ်ချက်တွေဆုံးရှုံးမှုကြောင့် ယုံကြည်မှုတွေ ပျောက်ဆုံးရ
လူတစ်ယောက်ဟာ အစားအသောက် စားစရာမရှိဘူး။ ဒါမှမဟုတ် နေစရာအိမ်မရှိတဲ့လူဆိုရင် သူ့အတွက် ဘေးကင်းလုံခြုံမှု မရှိတော့ပါဘူး။ အဲဒီလို ဘေးကင်းလုံခြုံမှုတွေ မရှိတော့တဲ့အခါကျရင် နောက်တစ်ဆင့်ဖြစ်တဲ့ ချစ်ခင်တွယ်တာမှုတို့ မရှိတော့ဘူး။ အဆင်မပြေတာတွေ များလာတဲ့အခါ ကိုယ့်ရဲ့ နေ့စဥ် လိုအပ်ချက်တွေကိုပဲ အဓိက ဖြည့်နေတဲ့အခါမှာ အခြားလူတွေနဲ့ အဆင်ပြေအောင် မနေနိုင်တော့ပါဘူး။
ဓာတ်ပုံ - Freepik
ဒီလိုမျိုး အခြားလူတွေနဲ့ အဆင်မပြေနိုင်တော့ဘူး။ ပြဿနာတွေ များလာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်တွေ ယုံကြည်မှုတွေ လျော့နည်းစေနိုင်ပါတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတဲ့အခါမှာ နောက်ဆက်တွဲမှာ ဘာဖြစ်နိုင်သလဲဆိုတော့ လူတစ်ယောက်ဖြစ်နိုင်ချေရှိတဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်စရာရှိတဲ့ အောင်မြင်နိုင်စရာရှိတဲ့ အခွင့်အလမ်းတွေကို လုပ်ဖို့ အတွက် အာရုံမစိုက်နိုင်တော့ပါဘူး။ အဲဒါကြောင့် အခြေခံလိုအပ်ချက်တွေ မရတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ၊ လူမှုရေးပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကုန်လုံးကို ခြိမ်းခြောက်နေပါတယ်။
ကျန်းမာရေးထိခိုက်မှုတွေလည်း ကြုကြုံရပြန်
ဒါတွေက ဝင်ငွေနည်းတဲ့ တိုင်းပြည်တွေမှာ အဖြစ်များပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင် ဝင်ငွေနိမ့်တဲ့ နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေအရမ်းများပါတယ်။
ကမ္ဘာမှာဖြစ်နေတဲ့ ရောဂါတွေရဲ့ ၈၀ ရာနှုန်းလောက်က ဆင်းရတဲ့ ဝင်ငွေနိမ့်တဲ့ ဒီနိုင်ငံတွေမှာ အဖြစ်များနေတာပါ။ မြန်မာနိုင်ငံက အခု အဲဒီအခြေအနေကို ရောက်နေပါပြီ။ အရင်ကတည်းက ဝင်ငွေနိမ့်နိုင်ငံဖြစ်နေတဲ့ ကြားထဲ အခုကျတော့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ မီးမမှန်တော့တာ၊ ရေပြတ်လာတာ၊ ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်မှုတွေက ပိုပြီး ခြိမ်းခြောက်လာလျှပ်စလာပါတယ်။ အခြေခံအကျဆုံး ကို စဥ်းစားမယ်ဆိုရင် လျှပ်စစ်မီးမရှိတော့ တိုက်ခန်းတွေမှာ ရေမရတော့ပါဘူး။ ရေမရတော့ သန့်ရှင်းမှု အားနည်းတဲ့ ပြဿနာတွေ ကြုံတွေ့ရပါတယ်။
အကြီးမားဆုံးခြိမ်းခြောက်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ
နေ့စဥ် လိုအပ်ချက်တွေမှာ အဆင်မပြေမှုတွေ များလာတဲ့အတွက် ကြောင့် ဒေါသတွေ ပိုထွက်လာပါတယ်။ ဒေါသကို မထိန်းနိုင်ကြတော့ပါဘူး။တစ်နေ့စာတစ်နေ့ရှင်သန်ဖို့ အရေး ရေရဖို့ မီးရဖို့ အရေးပဲ လုပ်နေရတဲ့အခါမှာ ဒေါသတွေ မထိန်းနိုင်တော့ပါဘူး။ အိမ်မှာရှိတဲ့ တစ်ခြားသူတွေနဲ့ အိမ်နီးချင်းတွေနဲ့ ပဋိပက္ခဖြစ်တာမျိုးတို့ ကြုံရတတ်ပါတယ်။
ညတွေလည်း မအိပ်နိုင်တော့ဘူး။ မီးဘယ်အချိန်လာမလဲဆိုတာ စောင့်ရတယ်။ ရေတင်ရမယ်။ စားစရာတွေ ချက်ရမယ် စသဖြင့် မီးလာတဲ့အချိန်မှာ အိမ်မှုကိစ္စတွေနဲ့ လုံးပန်းနေရတဲ့အတွက် အိပ်ရေးတွေ ပျက်လာမယ်။ အိပ်ရေးတွေ ပျက်တဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိလာပါတယ်။
စိုးရိမ်စိတ်လွန်ကဲခြင်းနဲ့ စိတ်ဖိစီးမှုလွန်ကဲခြင်းတွေဖြစ်လာ
နေ့စဥ်နဲ့အမျှ မီးမရတာ ရေပြတ်တာစတဲ့ ပြဿနာတွေ ကြုံတွေ့ရတဲ့အခါမှာ စိုးရိမ်စိတ်လွန်ကဲတာတွေ စိတ်ဖိစီးမှုလွန်ကဲတာတွေ ဖြစ်နိုင်ပါတယ်။
စိုးရိမ်စိတ်လွန်ကဲတယ် ဆိုတာ ငါတို့တော့ ဘယ်လိုများဆက်နေရတော့မလဲ။ နောက်နေ့ဘာဖြစ်ဦးမလဲ အဲဒီလိုမျိုး တစ်နေ့တစ်နေ့ စိုးရိမ်မှုတွေနဲ့ ဖြတ်သန်းနေရတတ်ပါတယ်။
စိတ်ဖိစီးမှုတွေ လွန်ကဲတာကတော့ အခုဆို ကိုဗစ်ကြောင့် လူတော်တော်များများက အိမ်ကနေ အလုပ်လုပ်ရတဲ့အတွက် မီးမလာတဲ့အခါမှာ ဒီအလုပ်တွေ ဘယ်လိုလုပ်ရမလဲ။ ငါ အလုပ်ပြုတ်တော့မလားဆိုပြီး စတဲ့ ဒီလိုမျိုး စိတ်ဖိစီးမှု လက္ခဏာတွေ ကပိုပြင်းထန်လာတတ်ပါတယ်။
ဓာတ်ပုံ - Freepik
စိတ်ဖိစီးမှုလွန်ကဲခြင်းကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေ
ဒီလို မျိုး စိတ်ဖိစီးတွေ များလာတာ၊ စိတ်ညစ်တာတွေ များလာတဲ့အခါ နည်းလမ်းအမှားတွေနဲ့ ဖြေဖျောက်တာမျိုး တွေ ဖြစ်လာတတ်ပါတယ်။ ဥပမာ အရက် အလွန်အကျွံသောက်တာမျိုး၊ မူးယစ်ဆေးဝါးသုံးစွဲတာမျိုး၊ အိပ်မရတဲ့အတွက် အိပ်ဆေးတွေ အလွန်အကျွံသုံးစွဲလာတာမျိုးတွေ တွေ့ရတတ်ပါတယ်။
စိုးရိမ်မှုလွန်ကဲတာ၊ စိတ်ကျတဲ့ လက္ခဏာတွေ ပိုပြင်းထန်လာပြီးတော့ စိတ်ကစဥ့်ကလျားရောဂါ၊ စိတ်ကျရောဂါတွေ ဖြစ်သွားနိုင်တဲ့အထိ ပြင်းထန်ပါတယ်။
ဒါကြောင့် လူတွေရဲ့ နေ့စဥ်ဘဝထိခိုက်မှုတွေက စိတ်ကျန်းမာရေးကို အများကြီးထိခိုက်နိုင်ပါတယ်။ စိတ်ရောဂါဖြစ်မှုတွေ ဦးတည်လာမယ်။ စိတ်ဖိစီးမှုနောက်ကွယ်မှာ ဘာဖြစ်နိုင်လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ့် သေကြောင်းကြံစည်မှုတွေ ရှိလာမယ်။ အဓိကကတော့ အလုပ်လုပ်ကိုင်စားသောက်ရတဲ့ လူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီး ကြုံရနိုင်ပါတယ်။