အက်သလက်တီကိုရဲ့ အပြုအမူကို နဗီးလ်က သဘောကျနေတာပါ။

ယူနိုက်တက် ဂန္တဝင် ကစားသမားဟောင်း ဂယ်ရီနဗီးလ်က အားလုံးက ဝေဖန်နေကြတဲ့ အက်သလက်တီကိုရဲ့ အပြုအမူကို သဘောကျတယ်လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ အက်သလက်တီကိုကစားသမားတွေဟာ မန်စီးတီးကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို ပွဲအပြီး အဝတ်လဲခန်းထဲသွားရာလမ်းအထိ တောက်လျှောက် ရန်ပြုဖို့ ကြိုးစားခဲ့တာပါ။



ပွဲချိန်အတွင်းမှာလည်း အက်သလက်တီကို ကစားသမားတွေက မန်စီးတီးကစားသမားတွေကို ခပ်ကြမ်းကြမ်း ဖျက်ထုတ်ကစားခဲ့ကြပြီး ပွဲပြီးဆုံးခါနီးမှာလည်း ဖိလစ်ပီက အနီကတ်နဲ့ အထုတ်ခံခဲ့ရပါသေးတယ်။ ဒါ့အပြင် နောက်ခံလူ ဆာဗစ်က ဖိုဒန်ကို အကြောင်းမဲ့သပ်သပ် ရန်ရှာခဲ့ပြီး ပွဲပြီးအဝတ်လဲခန်းထဲသွားရာလမ်းမှာလည်း ဆာဗစ်နဲ့ ဗာဆယ်လ်ကိုတို့က မန်စီးတီးကို စိန်ခေါ် ရန်ပြုဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုရဲ့ ဒီလိုမျိုးလုပ်ရပ်တွေအပေါ်မှာ ဖာဒီနန်အပါအဝင် ရုပ်သံဝေဖန်သုံးသပ်သူတွေက ဝေဖန်နေကြပြီး ပရိသတ်တွေဆိုရင် လာမယ့်ရာသီမှာ အက်သလက်တီကို,ကို ဥရောပပြိုင်ပွဲကနေ ထုတ်ပယ်ထားဖို့ အကြံပြုနေကြပါတယ်။ ဒါပေမယ့် ဂယ်ရီနဗီးလ်ကတော့ အားလုံးနဲ့မတူတဲ့ သူ့ရဲ့အမြင်တွေကို အခုလိုပဲ တွစ်တာပေါ်ကတဆင့် ရေးသားခဲ့ပါတယ်။

ဂယ်ရီနဗီးလ်က “လူတွေကြားထဲ သိပ်ပြီးရေပန်းစားမယ့် အမြင်မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်ကတော့ အက်သလက်တီကိုနဲ့မန်စီးတီးပွဲကို သဘောကျပါတယ်။ လူအများစုက အက်သလက်တီကိုရဲ့ အပြုအမူတွေကို စိတ်ပျက်နေတာ ကျနော်သိပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ဒါမျိုးကို သဘောကျပါတယ်”

“အရည်အသွေးပိုင်းအရ နိမ့်ပါးနေရင်တောင်မှ အနိုင်ရဖို့ နည်းလမ်းကို ကြိုးစားရှာဖွေခဲ့တာပါ။ မန်စီးတီးကစားသမားတွေကတော့ အက်သလက်တီကို,ကို ကျော်ဖြတ်နိုင်ခဲ့လို့ နောက်တနေ့မနက်မှာ ဂုဏ်ယူနေမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးမရှိသရေကျခဲ့တဲ့နောက် မန်စီးတီးက အက်သလက်တီကို,ကို နှစ်ကျော့ပေါင်း ၁-၀ ဂိုးနဲ့ အနိုင်ရရှိကာ ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတော့မှာပါ။ 

Share

Loading Next Article...
က္က