ယူနိုက်တက်ကိုပဲ ပြန်လာမယ်လို့ မာရှယ်လ်ကအတည်ပြုခဲ့တာပါ။

ယူနိုက်တက်ကနေ ဆီဗီလာကို အငှားနဲ့သွားကစားနေတဲ့ မာရှယ်လ်ဟာ လက်ရှိအသင်းမှာ ဆက်နေဖြစ်မှာ မဟုတ်ဘဲ လာမယ့်နွေရာသီမှာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာမယ်လို့ အတည်ပြုလိုက်ပါတယ်။ မာရှယ်လ်ဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတာကြောင့် (၆) လအငှားစာချုပ်နဲ့ ဆီဗီလာကို ပြောင်းရွှေ့ခဲ့တာပါ။



ကစားသမားရဲ့ စာချုပ်မှာ အပြီးသတ်ခေါ်ယူခွင့်လည်း မပါရှိပါဘူး။ ဒီမတိုင်ခင်က မာရှယ်လ်ကို ခေါ်ယူဖို့ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်တို့က ကြိုးပမ်းခဲ့ပေမယ့် သူကိုယ်တိုင်က ဆီဗီလာကိုသာ ရွေးချယ်ခဲ့တယ်လို့ မာရှယ်လ်က ပြောထားပါတယ်။ ဒါပေမယ့် ဆီဗီလာမှာတော့ သူ့ရဲ့ အနေအထားက မလှပခဲ့ဘဲ ရာသီကုန်မှာ အိုးထရက်ဖို့ဒ်ကို ပြန်ရတော့မှာပါ။

ဆီဗီလာနည်းပြ လိုပက်တယ်ဟီနဲ့ အားကစားဒါရိုက်တာ မွန်ချီတို့က မာရှယ်လ်နဲ့ ပတ်သက်ပြီး အများကြီးမျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ ကစားသမားက ရုန်းကန်နေရဆဲဖြစ်ပါတယ်။ မာရှယ်လ်ကို ဆီဗီလာပရိသတ်တွေကပါ ပြန်လည်လှောင်ပြောင်တဲ့အထိ အခြေအနေဆိုးလာခဲ့တဲ့နောက် မာရှယ်လ်က အခုလိုပဲ ပြောကြားလာပါတယ်။

မာရှယ်လ်က “ကျနော် ဆီဗီလာမှာ ဆက်နေဖို့က အများကြီးရှုပ်ထွေးပါတယ်။ အခုချိန်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော် စိုးရိမ်ပူပန်နေမှာမဟုတ်ပါဘူး။ ကျနော် ဆီဗီလာကိုလာတည်းက (၆) လစာချုပ်ပဲရှိတာကို သိခဲ့ပြီး ယူနိုက်တက်ကို သေချာပေါက်ပြန်ရမယ်ဆိုတာလည်း သိခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မာရှယ်လ်ဟာ ယူနိုက်တက်မှာ လက်ရှိရာသီအစပိုင်း ဆိုးလ်ရှားနဲ့ ရာသီဝက်ဝန်းကျင် ရန်းနစ်ဂ်လက်ထက်တို့မှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့တဲ့အပြင် ယူနိုက်တက်ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။ ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စီစဥ်ထားပြီး အဆိုပါနည်းပြလက်အောက်မှာ မာရှယ်လ်ရဲ့ ယူနိုက်တက်ကစားသမားဘဝ အသက်ဆက်နိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။ 

Share

Loading Next Article...
က္က