Poison Pill အစီအစဉ်နဲ့ ရှယ်ယာဝယ်ခွင့်ကန့်သတ်တော့မှာပါ

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတစ်ဦး ဖြစ်တဲ့ အီလွန်မတ်စ်ရဲ့ Twitter ကို ဒေါ်လာ ၄၃ ဘီလျံနဲ့ ဝယ်ဖို့ ကမ်းလှမ်းချက် ထွက်လာပြီးနောက် ကုမ္ပဏီဒါရိုက်တာအဖွဲ့ဟာ ကုမ္ပဏီကို ကာကွယ်ဖို့ အစီအစဉ်သစ် ကြေညာချက်ထုတ်လိုက်ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့မှာ အီလွန်မတ်စ်ဟာ Twitter ကို ရှယ်ယာတစ်စုအတွက် ၅၄.၂၀ ဒေါ်လာနှုန်းနဲ့ ခန့်မှန်းခြေ ဒေါ်လာ ၄၃ ဘီလျံ ပေးပြီး ဝယ်ဖို့ ကမ်းလှမ်းခဲ့တာပါ။ ဧပြီလဆန်းပိုင်းလောက်ကပဲ Twitter အစုရှယ်ယာ ဒေါ်လာ ၃ ဘီလျံဖိုးနီးပါး ဝယ်ယူခဲ့တဲ့ မတ်စ်ဟာ ကုမ္ပဏီတစ်ခုလုံးကို ဝယ်ပြီး ပုဂ္ဂလိကပိုင်ကုမ္ပဏီအဖြစ် ပြောင်းဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ 





" Twitter ဟာ ကမ္ဘာတစ်ဝှမ်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ပလက်ဖောင်းတစ်ခု ဖြစ်လာနိုင်ခြေရှိတယ်လို့ ယုံကြည်လို့ ကျွန်တော် ရင်းနှီးမြှပ်နှံလိုက်တာပါ။ လွတ်လပ်စွာ ပြောဆိုခွင့်ဟာ ဒီမိုကရေစီလုပ်ငန်းစဉ်တစ်ခုအတွက် မရှိမဖြစ်အရေးပါတဲ့ အရာလို့လည်း ယုံကြည်ထားပါတယ် " လို့ မတ်စ်က Twitter ဥက္ကဌ ဘရက်တေလာကို ပေးပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။ 

Twitter အများပိုင် လူမှုကွန်ရက်ကုမ္ပဏီအနေနဲ့ လက်ရှိအခြေအနေအတိုင်းဆို လွတ်လပ်စွာ ပြောဆိုခွင့်ကို ပေးနိုင်မှာ မဟုတ်လို့ ပုဂ္ဂလိကပိုင် ပြောင်းဖို့ လိုကြောင်းလည်း မတ်စ်က ပြောထားပါတယ်။ အဲ့ဒီအချိန်က သူဟာ Twitter အစုရှယ်ယာအကုန်လုံးကို တစ်စုအတွက် ၅၄.၂၀ ဒေါ်လာနှုန်းထားပြီး ငွေသားနဲ့ ပေးချေဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ဒါဟာ Twitter မှာ သူ ရင်းနှီးမြှပ်နှံမှု မလုပ်ခင်တစ်ရက်ကထက် ၅၄% ပိုများတဲ့ ပမာဏဖြစ်တယ်လို့လည်း ဆိုပါတယ်။

"ကျွန်တော်ပေးနိုင်သမျှ အကောင်းဆုံး ကမ်းလှမ်းလိုက်တာပါ။ ဒါက ကျွန်တော့် နောက်ဆုံးပေးနိုင်တဲ့ ဈေးဖြစ်ပြီး ဒါကို လက်မခံဘူးဆိုရင်တော့ ရှယ်ယာရှင်တစ်ယောက်အနေနဲ့ ကျွန်တော့်အနေအထားကို ပြန်စဉ်းစားသုံးသပ်ဖို့ လိုပြီ ဖြစ်ပါတယ်။ " လို့ မတ်စ်က ပြောထားပါတယ်။ မတ်စ်ရဲ့ ကုမ္ပဏီကို အပိုင်ဝယ်ဖို့ ကမ်းလှမ်းချက် ထွက်လာပြီးတဲ့နောက် Twitter ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတွေဟာ ကုမ္ပဏီလက်လွှဲရောင်းချမှုကို ကာကွယ်ဖို့ ရှယ်ယာရှင်အခွင့်အရေးကို ကန့်သတ်တဲ့ Poison Pill ဆိုတဲ့ အစီအစဉ်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ အငြင်းပွားသူမရှိ မဲပေးခဲ့ပါတယ်။ 

Poison Pill ဖွဲ့စည်းပုံသစ်အရ ဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက် မရဘဲ Twitter စတော့ခ်ရှယ်ယာရဲ့ အနည်းဆုံး ၁၅ % ကို တစ်ယောက်ယောက် ဒါမှမဟုတ် အဖွဲ့တစ်ခုခုကနေ ဝယ်ယူရင် တခြားရှယ်ယာရှင်တွေကို နောက်ဆက်တွဲအပိုရှယ်ယာတွေအတွက် လျှော့ဈေးနဲ့ ဝယ်ခွင့်ပြုရမယ်လို့ ဆိုပါတယ်။ Poison Pill မှာ အီလွန်မတ်စ်က လွဲပြီး တခြားရှယ်ယာရှင်တွေအတွက် နောက်ထပ်ရှယ်ယာတွေ Discount နဲ့ ဝယ်ခွင့်ပေးထားပြီး မတ်စ်ရဲ့ ရှယ်ယာဝယ်နိုင်ခွင့်ကို လျှော့ချမှာပါ။ ဒီအစီအစဉ်ဟာ လာမယ့်နှစ် ဧပြီ ၁၄ ရက်နေ့မှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ 



လက်ရှိမှာ အီလွတ်မတ်စ်ဟာ Twitter မှာ ရှယ်ယာ ၉% ကျော် ပိုင်ဆိုင်ထားတယ်လို့ ငွေကြေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် SEC က ဖော်ပြထားပါတယ်။ Twitter မှာ အကြီးဆုံး ရှယ်ယာရှင်တစ်ဦး ဖြစ်လာပြီးနောက် ကုမ္ပဏီ CEO က မတ်စ်ဟာ ဘုတ်အဖွဲ့ဝင်ဖြစ်လာမယ်လို့ ကြေညာခဲ့ပေမယ့် Tesla သူဌေးကတော့ ဘုတ်အဖွဲ့မှာ မပါဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မတ်စ်ဟာ Twitter ဘုတ်အဖွဲ့ဝင် ဖြစ်လာရင် သူဟာ ကုမ္ပဏီကနေ ရောင်းထုတ်နေတဲ့ စတော့ခ်တွေကို ၁၄.၉% ကျော်အောင် ဝယ်ခွင့် ရမှာ မဟုတ်ပါဘူး။

Bloomberg သတင်းအရ Twitter ဟာ မတ်စ်ရဲ့ ဝယ်ယူမှုကို တုံ့ပြန်ဖို့ JPMorgan ဆီက အကြံယူနေပြီး မတ်စ်ကတော့ Morgan Stanley ငွေကြေးရင်းနှီးမြှပ်နှံမှု လုပ်ငန်းနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က