iPhone သစ်တွေလိုပဲ Tesla ကားသစ်တွေမှာလည်း အားသွင်းဖို့ Mobile Charger သီးသန့် ရောင်းတော့မယ်လို့ ဆိုပါတယ်။
Tesla ကားကုမ္ပဏီဟာ အသစ်ရောင်းချသွားမယ့် ကားတွေမှာ မိုဘိုင်း Connector Bundle ထည့်ပေးမှု ရပ်ဆိုင်းလိုက်ပြီလို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ရဲ့ Tweet မှာ ဖော်ပြထားပါတယ်။ Apple လိုမျိုး Tesla ကားကုမ္ပဏီကလည်း မိုဘိုင်း Charger ကို သီးသန့်ခွဲရောင်းတော့မှာပါ။ လက်ရှိမှာ Level 1 အတွက် အားသွင်း Mobile Charger ကို ၂၇၅ ဒေါ်လာ နဲ့ Level 2 အားသွင်းမှုအတွက် ဒေါ်လာ ၄၀၀ နှုန်း သတ်မှတ်ထားပါတယ်။
Tesla Mobile Connector Bundle မှာ အိမ်သုံး ၁၁၀ ဗို့ Outlet ကနေ ကားအားသွင်းနိုင်မယ့် Adapter တစ်ခုလည်း ပါဝင်ပါတယ်။ မတ်စ်ရဲ့ Tweet ထဲမှာ သုံးစွဲသူတွေရဲ့ တုံ့ပြန်ချက်အရ Level 1 အတွက် Mobile Connector ကို ၇၅ ဒေါ်လာလျှော့ပြီး ဒေါ်လာ ၂၀၀ ဈေးနဲ့ ရောင်းချသွားမယ်လို့ ဖော်ပြထားပါတယ်။ တကယ်လို့ ကိုယ့်မှာ Tesla Wall Connector ရှိရင် / SuperCharger တွေ သုံးနေရင် Mobile Connector မလိုဘူးလို့လည်း Tweet မှာ ရေးထားပါတယ်။
အခုလိုမျိုး ကားသစ်တွေမှာ Mobile Connector Bundle ထည့်မပေးရတာဟာ အချက်အလက်တွေအရ အသုံးပြုမှု အလွန်နည်းလွန်းနေပြီး အလဟဿဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။ Tesla အနေနဲ့ ကားအားသွင်းကြိုး Charging Cable ဖယ်ရှားလာတာဟာ ဒီတစ်ကြိမ်က ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ Electrek ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ ကုမ္ပဏီအနေနဲ့ အရင်က Tesla ကားသစ်တိုင်းမှာ Level 1 နဲ့ Level 2 Connectors နှစ်ခုစလုံး ထည့်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ NEMA 14-50 (Level 2) Adapter ထည့်သွင်းမှု ရပ်ဆိုင်းခဲ့ပါတယ်။