လီဗာပူး နောက်ခံလူဟောင်း ဗန်ဒိုက်ချ်က ဒီကနေ့ည ယူနိုက်တက်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမတိုင်ခင် ပြိုင်ဘက်အသင်းကို ချီးကျူးစကားပြောကြားလိုက်ပါတယ်။ လီဗာပူးဟာ အန်ဖီးလ်မှာ ယူနိုက်တက်ကို အိမ်ရှင်အဖြစ် ဧည့်ခံကစားရမှာဖြစ်ပါတယ်။
ပထမအကျော့ ယူနိုက်တက် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာတော့ လီဗာပူးက ဆာလာရဲ့ဟက်ထရစ်နဲ့အတူ ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် အခုယူနိုက်တက်က ပထမအကျော့က ငါးဂိုးပြတ်ရှုံးတဲ့ ယူနိုက်တက်လို မဟုတ်တော့ဘူးလို့ ဗန်ဒိုက်ချ်က ပြောလာပါတယ်။
ဗန်ဒိုက်ချ်က “ယူနိုက်တက်နဲ့ ရင်ဆိုင်ရတဲ့ပွဲတိုင်းက အမြဲတမ်း ခက်ခဲကြမ်းတမ်းပါတယ်။ ဒါပေမယ့် သူတို့ကို အဝေးကွင်းမှာ ငါးဂိုးပြတ်နဲ့ နိုင်တုန်းကတော့ အတော်ကို လွယ်ကူပြီး ရိုးရှင်းတာပဲဗျ။ ဒါပေမယ့် အခုတော့ ဒီလိုပွဲမျိုးကို ကျနော်တို့ မျှော်လင့်လို့မရတော့ပါဘူး”
“ဒါပေမယ့်လည်း ကျနော်တို့ ရသင့်တဲ့ရလဒ် မရနိုင်တော့ဘူးလို့ ဆိုတာလည်း မဟုတ်ပါဘူး။ အခု ဒီတပွဲကတော့ မတူညီတဲ့ပွဲတပွဲဖြစ်သွားပါပြီ။ ယူနိုက်တက်က အဲ့ဒီပွဲပြီးတည်းက အပြောင်းအလဲတွေ အများကြီးရှိခဲ့ပြီး အခုချိန်မှာလည်း စိတ်ပိုင်းဆိုင်ရာအရ မတူညီတဲ့ အနေအထားမှာရှိနေပါတယ်။ သူတို့က ထိပ်သီးလေးသင်းဝင်ဖို့ ကြိုးစားနေပါတယ်”
“လာမယ့်ရာသီအတွက်လည်း ကြိုတင်ပြင်ဆင်နေတာတွေ အနည်းငယ်ရှိပါတယ်။ ကျနော်တို့ကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ပြီး လုပ်နိုင်သမျှ အကုန်လုပ်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ လီဗာပူးဟာ ဒီရာသီမှာ ဆုဖလား (၄) လုံးကို မျှော်လင့်နေတဲ့ အသင်းတသင်းပါ။
လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးနဲ့ (၁) မှတ်သာ ကွာတဲ့ အနေအထားမှာ လီဗာပူးတို့ ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက်အတွက် ယူနိုက်တက်ကို အိမ်ကွင်းမှာ သရေတောင်ကျလို့မရဘဲ သေချာပေါက် အနိုင်ကစားဖို့ လိုအပ်နေပါတယ်။