နယူးယော့ခ်စီးတီးက Apple Store ဝန်ထမ်းတွေဟာ နာရီအလိုက် အနည်းဆုံးလုပ်ခလစာကို တိုးတောင်းဖို့ ကြိုးစားနေပါတယ်။
မက်ဟန်တန် Apple Grand Central Terminal Store က အလုပ်သမားသမဂ္ဂအဖွဲ့ ဖွဲ့ဖို့ လုပ်နေတဲ့ လက်လီဝန်ထမ်းတွေဟာ လုပ်ခ တစ်နာရီကို အနည်းဆုံး ဒေါ်လာ ၃၀ (မြန်မာငွေ ၅ သောင်းခွဲကျော်) ပေးဖို့ တောင်းဆိုထားတယ်လို့ အဖွဲ့ရဲ့ ဝက်ဘ်ဆိုက် Fruit Stand Workers United မှာ ဖော်ပြထားပါတယ်။ Apple Grand Central Terminal Store ဝန်ထမ်းတွေဟာ နှစ်ဆန်းပိုင်းကတည်းက အလုပ်သမားသမဂ္ဂအဖွဲ့ဖွဲ့ဖို့ လက်မှတ်တွေကောက်နေပြီး ပြီးခဲ့တဲ့ သီတင်းပတ်အကုန်မှာ အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်ကို လွှင့်တင်နိုင်ခဲ့ပါတယ်။
"လုပ်ခအတွက် ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍ ၊ ရာထူးနေရာ နဲ့ စွမ်းဆောင်ရည်ကို အခြေခံပြီး အနည်းဆုံး ဒေါ်လာ ၃၀ နှုန်း တောင်းဆိုနေပါတယ်။" လို့ Fruit Stand Workers United ရဲ့ စီစဉ်သူတွေက ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
Washington Post သတင်းအရ Apple မှာ လက်လီဝန်ထမ်းတွေဟာ ရာထူးနဲ့ အလုပ်နေရာပေါ် လိုက်ပြီး တစ်နာရီ ၁၇ ဒေါ်လာကနေ ဒေါ်လာ ၃၀ ကျော် ရကြတယ်လို့ ဆိုပါတယ်။ ဖုန်းလက်လီ ပြန်ဖြန့်နေတဲ့ Verizon က လက်လီဆိုင်ဝန်ထမ်းတွေရဲ့ အနည်းဆုံး ၁ နာရီ လုပ်ခလစာကို ဒေါ်လာ ၂၀ အထိ တိုးမြှင့်မယ်လို့ တနင်္လာနေ့က ကြေညာပါတယ်။
Apple Grand Central Terminal Store ဝန်ထမ်းတွေဟာ အလုပ်သမားသမဂ္ဂဖွဲ့ဖို့ ကြိုးစားနေပြီး သမဂ္ဂဖွဲ့ဖို့ Grand Central ဝန်ထမ်း ၂၇၀ ခန့်ရဲ့ ၃၀% ဆီက ထောက်ခံလက်မှတ်တွေ စုနေပါတယ်။ တကယ်လို့ သမဂ္ဂဖွဲ့စည်းရေး ကြီးကြပ်သူတွေဟာ ဝန်ထမ်း ၃၀% ရဲ့ လက်မှတ်ရပြီး ဝန်ထမ်းရဲ့ ၅၀% ကျော်သာ အလုပ်သမားသမဂ္ဂဖွဲ့စည်းဖို့ မဲပေးရင် သမဂ္ဂအတွက် တရားဝင်အသိအမှတ်ပြုမှု ရမှာ ဖြစ်ပါတယ်။
Apple လက်လီစတိုးအလုပ်သမား သမဂ္ဂဖွဲ့စည်းဖို့ ကြိုးစားတာဟာ နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှု နဲ့ ကိုဗစ်ကပ်ဘေးအတွင်း လုပ်ငန်းခွင်အခြေအနေတွေကြောင့် အမေရိကန်နိုင်ငံအတွင်း အလုပ်သမားတက်ကြွလှုပ်ရှားမှုတွေ မြင့်တက်လာတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ "နိုင်ငံအတွင်း နာရီပိုင်းအလုပ်သမားတွေအနေနဲ့ စုပေါင်းအသံမရှိရင် အလုပ်ရှင်တွေက လုပ်ငန်းခွင်ထဲက သူတို့ရဲ့စိုးရိမ်မှုတွေကို ဆက်ပြီး လျစ်လျူရှုသွားမယ်လို့ သဘောပေါက်လာကြပါတယ်။" လို့ Workers United ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာအနှံ့ Apple ဝန်ထမ်းပေါင်း ၁၅၄၀၀၀ ရှိပြီး အမေရိကန်မှာ စတိုးဆိုင် ၂၇၀ ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။ ၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ Apple ဟာ ကမ္ဘာတလွှားရောင်းအား ဒေါ်လာ ၃၆၅ ဘီလျံကျော် ရခဲ့တယ်လို့လည်း သိရပါတယ်။