Sharing is caring ဆိုပေမယ့် Netflix ကတော့ ဒီအယူအဆကို လက်ခံချင်မှာ မဟုတ်ပါဘူး။
၂၀၂၂ ပထမသုံးလပတ်အတွင်းမှာ ကမ္ဘာ့အကြီးဆုံး Movie Streaming ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Netflix ဟာ ပိုက်ဆံပေးသုံးတဲ့ Subscriber သိန်းချီ ထိုးကျလာတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ် Q4 နဲ့ ယှဉ်ရင် ကမ္ဘာအနှံ့ Subscriber ၂ သိန်း ဆုံးရှုံးခဲ့တယ်လို့ ကုမ္ပဏီရဲ့ သုံးလပတ်အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
Subscriber ထိုးကျလာတဲ့ ကိစ္စဟာ ဒီထက်ပို ဆိုးလာနိုင်တယ်လို့လည်း ကုမ္ပဏီက ခန့်မှန်းထားပါတယ်။ Netflix ရဲ့ ခန့်မှန်းချက်အရ ဧပြီ - ဇွန် ဒုတိယသုံးလပတ်မှာ Subscriber ၂ သန်းအထိ ဆုံးရှုံးနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ ပထမသုံးလပတ်အစီရင်ခံစာထွက်လာပြီးနောက် အင်္ဂါနေ့မှာတော့ ကုမ္ပဏီရှယ်ယာတန်ဖိုးဟာ ၂၅% ကျော် ကျဆင်းသွားခဲ့တယ်လို့လည်း CNBC သတင်းမှာ ဖော်ပြထားပါတယ်။
ဒါဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် အခပေး စာရင်းသွင်းအသုံးပြုသူဦးရေ ကျဆင်းလာခြင်းလည်း ဖြစ်ပါတယ်။ အစောပိုင်းက Netflix အနေနဲ့ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်အတွင်းမှာ အသားတင် Subscriber ၂.၅ သန်း ထပ်ရဖို့ မျှော်လင့်ကြောင်း ရှယ်ယာရှင်တွေကို ပြောထားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူက Netflix ဟာ အခပေး Subscriber သစ် ၃.၉၈ သန်း ရခဲ့တာ ဖြစ်ပါတယ်။
Subscriber သစ် ဝင်ရောက်မှု ထိုးကျလာတာဟာ အခပေးသုံးစွဲသူတွေအနေနဲ့ အကောင့် Password မျှသုံးလာတာကြောင့်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ အချက်အလက်တွေအရ Netflix ရဲ့ အကြီးဆုံးဈေးကွက်တွေဖြစ်တဲ့ ကနေဒါနဲ့ အမေရိကန်တို့မှာ Netflix အကောင့်ဝယ်ထားသူတွေဆီက Share ပြီး အခမဲ့သုံးနေတဲ့ အိမ်ထောင်စု သန်း ၃၀ ဝန်းကျင်အထိ ရှိမယ်လို့ ဆိုပါတယ်။ Netflix Plan ဈေးတွေ မြှင့်လိုက်တာကြောင့်လည်း အမေရိကန် ၊ ကနေဒါတွေမှာ Subscriber ၆ သိန်း ဆုံးရှုံးရတယ်လို့ တွက်ချက်ထားပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို အကောင့်မျှသုံးနေတဲ့ အိမ်ထောင်စုပေါင်း သန်း ၁၀၀ ဝန်းကျင်အထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒီပြဿနာဟာ COVID Lockdown အစောပိုင်းကာလတွေက ကြီးပွားလမ်းဖြောင့်နေတဲ့ Netflix ရဲ့ စီးပွားရေးအဆောက်အဦကို ယိုင်နဲ့အောင် တွန်းနေတဲ့ ပြဿနာတစ်ခု ဖြစ်လာပါတယ်။ Subscription Plan ဈေးမြှင့်လိုက်တာကြောင့် ကုမ္ပဏီဝင်ငွေအနေနဲ့ ၁၀% နီးပါးတိုးပြီး ဒေါ်လာ ၇.၈၇ ဘီလျံ ရခဲ့ပေမယ့် ဈေးကွက်ခန့်မှန်းသူတွေ တွက်ချက်ထားတဲ့ ဒေါ်လာ ၇.၉၃ ဘီလျံ ဝင်ငွေကိုတော့ လိုက်မှီနိုင်ခဲ့ခြင်း မရှိပါဘူး။
ကုမ္ပဏီဘက်ကလည်း Streaming ဘက်မှာ လူကြိုက်များနေပေမယ့် Subscriber အကောင့်မျှသုံးသူတွေ များလာခြင်း ၊ ငွေကြေးဖောင်းပွမှု ၊ ရုရှားရဲ့ ယူကရိန်းပေါ် ကျူးကျော်မှုဂယက် နဲ့ ပြိုင်ဘက်တွေရဲ့ ပြင်းထန်လာတဲ့ ပြိုင်ဆိုင်မှုတွေကြောင့် ဝင်ငွေဖွံ့ဖြိုးမှု သိသိသာသာနှေးကွေးလာနေကြောင်း ပြောထားပါတယ်။ ကုမ္ပဏီ ပူးတွဲ CEO ရိဒ် ဟတ်စတင်းကတော့ Subscriber သစ်တွေ ရဖို့ ဈေးပိုသက်သာပြီး ကြော်ငြာတွေပါတဲ့ plans ကို သွားဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။