ဒီည အာဆင်နယ်နဲ့ပွဲမတိုင်ခင်မှာ တူဟယ်လ်က ပြောကြားသွားခဲ့တာပါ။

ချဲလ်ဆီးနည်းပြ တူဟယ်လ်ဟာ ပွဲစဥ်ဇယားရေးဆွဲမှုအပေါ် ဝေဖန်နေတဲ့ အာဆင်နယ်နည်းပြ အာတီတာရဲ့လုပ်ရပ်ကို ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ အာတီတာဟာ ရာသီနှောင်းပိုင်းမှာ ပရီးမီးယားလိဂ်ပွဲစဥ်တွေ ကမောက်ကမဖြစ်လာတဲ့အပေါ် မကြာခဏဆိုသလို ဝေဖန်ခဲ့တာပါ။



ဒီကနေ့ညမှာလည်း အာဆင်နယ်က ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲအဖြစ် ပွဲကျပ်တပွဲကို ယှဥ်ပြိုင်ကစားရမှာပါ။ အဲ့ဒီနောက် လာမယ့်စနေ (ဧပြီ ၂၃) မှာ ပရီးမီးယားလိဂ် အစောပိုင်းပွဲစဥ်အဖြစ် ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း အာတီတာက ချဲလ်ဆီးနဲ့နှိုင်းယှဥ်ကာ ငြီးတွားခဲ့ပြီး တူဟယ်လ်ကတော့ သူ့အသင်းက ဒီရာသီမှာ အာဆင်နယ်ထက် ပွဲတွေအများကြီး ပိုကစားထားရတယ်လို့ တုံ့ပြန်သွားခဲ့တာပါ။ တူဟယ်လ်က “အာတီတာက ပွဲကျပ်တွေများနေတယ်လို့ ခံစားနေရတဲ့အတွက်လည်း အကြောင်းပြချက်ရှိပါလိမ့်မယ်”

“ဒါပေမယ့် ကျနော်တို့နဲ့ မိနစ်ချင်းလာယှဥ်လို့တော့မရပါဘူး။ အကြောင်းပြချင်တယ်၊ ချွင်းချက်ပေးချင်တယ်ဆိုရင် သူရော၊ ကျနော်ရော အတူတူပေးလို့ရပါတယ်။ ကျနော်တို့က ဒီရာသီမှာ အာဆင်နယ်ထက် (၁၆) ပွဲ ပိုကစားထားရတာပါ။ စပါးတို့ ယူရိုပါကွန်ဖရင့်လိဂ်က ထွက်လိုက်ရတုန်းက ကျနော် မပျော်ခဲ့ပါဘူး”

“အာဆင်နယ် အက်ဖ်အေဖလားက ထွက်လိုက်ရတုန်းကလည်း အတူတူပါပဲ။ ဒါက သူတို့အတွက် ကြီးမားတဲ့ အားသာချက်တွေပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်သင်းလုံးက ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားလို့ပါ။ တခုတည်းကို အာရုံစိုက်ခွင့်ရတာက သူတို့အတွက် အကျိုးရှိစေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ပွဲ (၁၀) ပွဲ၊ ကလပ်ကမ္ဘာ့ဖလားပွဲ (၂) ပွဲ၊ အက်ဖ်အေပွဲနဲ့ ကာရာဘောင်တို့အပါအဝင် စုစုပေါင်း (၁၆) ပွဲအထိ အာဆင်နယ်ထက် ပိုကစားထားရပါတယ်။ အာဆင်နယ်ကတော့ လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ (၃၈) ပွဲသာ ကစားရသေးချိန်မှာ ချဲလ်ဆီးက ပြိုင်ပွဲစုံမှာ (၅၄) ပွဲအထိ ကစားထားပြီးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က