ယူနိုက်တက်နည်းပြဖြစ်လာပြီးနောက် အဲရစ်တန်ဟက်ခ်ရဲ့ ပထမဆုံးပြောစကားတွေပဲဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်ကို (၃) နှစ် သက်တမ်းအပြင် နောက်ထပ်တနှစ် စာချုပ်သက်တမ်းတိုးခွင့် ပါဝင်တဲ့ စာချုပ်တရပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဲရစ်တန်ဟက်ခ်ဟာ ယူနိုက်တက်ကို အခုချက်ချင်းကိုင်တွယ်မှာမဟုတ်ဘဲ ရာသီကုန်မှသာ စတင်ကိုင်တွယ်မှာပါ။



အဲရစ်တန်ဟက်ခ်ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်တို့ ဆက်တိုက်ကြိုးစားခဲ့ပြီး ရာသီမကုန်ခင်မှာတင် စောစောစီးစီး သဘောတူညီမှုရရှိခဲ့ပါတယ်။ အသင်းရဲ့ ဘောလုံးဒါရိုက်တာ ဂျွန်မာတာ့ဖ်ကလည်း အဲရစ်တန်ဟက်ခ်ကို ခေါ်ယူနိုင်ခဲ့တာနဲ့ပတ်သက်လို့ “နောက်ဆုံး (၄) နှစ်အတွင်း အေဂျက်စ်မှာ အဲရစ်တန်ဟက်ခ်က သူ့ကိုယ်သူ ဥရောပရဲ့ စိတ်လှုပ်ရှားအကောင်းဆုံးနဲ့ အအောင်မြင်ဆုံးနည်းပြတွေထဲက တယောက်အဖြစ် သက်သေပြခဲ့ပါတယ်”

“သူ့အသင်းက ဆွဲဆောင်မှုရှိခဲ့တယ်၊ Attacking Football ကို ပီပီပြင်ပြင် ကစားခဲ့တယ်၊ လူငယ်တွေအတွက်လည်း အာမခံချက်ရှိခဲ့ပါတယ်။ ကျနော်တို့တွေ ဆွေးနွေးတဲ့အခါမှာ အဲရစ်တန်ဟက်ခ်ကပဲ ဦးဆောင်သွားတာပါ။ ယူနိုက်တက်ရဲ့လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့အတွက် သွားတဲ့လမ်းမှာ အဲရစ်တန်ဟက်ခ်ရဲ့ ရေရှည်ရည်မှန်းချက်တွေအပေါ် ကျနော်တို့ တော်တော်လေး အထင်ကြီးလေးစားရပါတယ်”

“အေဂျက်စ်အတွက် ရာသီအကုန်မှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ ဆုတောင်းပေးပြီး လာမယ့်နွေရာသီမှာ ယူနိုက်တက်ကနေ ကြိုဆိုနေပါမယ်” လို့ ပြောကြားခဲ့ပါတယ်။ အဲရစ်တန်ဟက်ခ်ကလည်း “ယူနိုက်တက်နည်းပြသစ်အဖြစ် ခန့်အပ်ခံရတာက တကယ်ကို ကြီးမားတဲ့ ဂုဏ်ယူစရာတခုပါ။ ဒါ့အပြင် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက်လည်း ကျနော် အကြီးအကျယ် စိတ်လှုပ်ရှားနေပါပြီ”

“အသင်းရဲ့သမိုင်းကြောင်း၊ ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုတွေကို သိထားပြီး သူတို့နဲ့ ထိုက်တန်တဲ့အောင်မြင်မှုတွေကို ရယူပေးဖို့၊ တိုးတက်အောင်လုပ်ပေးဖို့ ကျနော် စိတ်ပိုင်းဖြတ်ထားပါတယ်။ အံ့အားသင့်ဖွယ်ကောင်းတဲ့ နှစ်ကာလတွေကို ဖြတ်သန်းပြီးတဲ့နောက် အေဂျက်စ်ကို စွန့်ခွာရတာက ခက်ခဲပါလိမ့်မယ်”

“ကျနော့်အနေနဲ့ ယူနိုက်တက်ကို မပြောင်းခင်မှာ အေဂျက်စ်နဲ့အတူ အောင်မြင်တဲ့ဘောလုံးရာသီတခုအဖြစ် နိဂုံးချုပ်နိုင်ဖို့ ပရိသတ်တွေကို ကျနော်အာမခံပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က