ယူနိုက်တက်ကြယ်ပွင့်တွေကို ကိုင်တွယ်ဖို့ကလည်း တန်ဟက်ခ်အတွက် စိန်ခေါ်မှုတခုပါ။

ယူနိုက်တက်နည်းပြသစ်ဖြစ်လာမယ့် အဲရစ်တန်ဟက်ခ်က သူ့အနေနဲ့ ယူနိုက်တက်ကြယ်ပွင့် ကစားသမားတွေအပေါ် တစုံတရာ အလျှော့ပေးလိုက်လျောသွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အေဂျက်စ်ကနေ ယူနိုက်တက်ကို ရောက်ရှိလာမယ့် အဲရစ်တန်ဟက်ခ်ဟာ ယူနိုက်တက်မှာ ရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်၊ မက်ဂွိုင်းရား၊ ဒီဂီယာတို့လို နာမည်ကျော်တွေကို ကိုင်တွယ်ရမှာပါ။



ဒီအပေါ်မှာ အဲရစ်တန်ဟက်ခ်အတွက် စိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ နည်းပြဟောင်းဆိုးလ်ရှား၊ လက်ရှိကိုင်တွယ်နေတဲ့ ရန်းနစ်ဂ်တို့ဟာ ရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်တို့အပါအဝင် နာမည်ကျော်တွေကို အလိုက်အထိုက် ဆက်ဆံပေးနေတာကိုလည်း ပရိသတ်တွေ မြင်တွေ့နေရပါတယ်။

အဲရစ်တန်ဟက်ခ်လက်ထက်မှာ ဒီကစားသမားတွေကို ထိန်းရခက်နိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် အဲရစ်တန်ဟက်ခ်ကတော့ သူ့ရဲ့ခံယူချက်ကို မီဒီယာတွေရှေ့မှာ ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်က ကြယ်ပွင့်တွေနဲ့ ရော်နယ်ဒိုရဲ့ လွှမ်းမိုးမှုတွေကို ကိုင်တွယ်နိုင်မလားဆိုတဲ့ မေးခွန်းတွေအပေါ် အဲရစ်တန်ဟက်ခ်က အခုလိုပဲ ဖြေကြားခဲ့ပါတယ်။

အဲရစ်တန်ဟက်ခ်က “ကျနော် ကိုင်တွယ်နိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်က ကိုယ့်စတိုင်နဲ့ကိုယ် သွားမှာပါ။ နည်းပြအလုပ်နဲ့ပတ်သက်တဲ့ ကျနော့်အမြင်ကို ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။ ကစားသမားတွေအနေနဲ့ ဘယ်လို ကစားရမယ်ဆိုတာကို အမြဲစိတ်ပိုင်းဖြတ်ထားရပါမယ်။ ကျနော်ကလည်း လိုအပ်ချက်တွေ၊ စံချိန်စံညွှန်းတွေကို ပြောပြပါမယ်”

“ဘယ်သူက ဘာလုပ်ရမယ်ဆိုတာကို ကျနော်ပြောပါမယ်။ ဒါကို မလိုက်နာတဲ့ ဘယ်သူမဆို ကျနော့်ဆီက အသံတွေကြားနေရပါလိမ့်မယ်။ ဘယ်လိုကစားသမားမျိုးဖြစ်ဖြစ် ကျနော် ဒါကို ဂရုမစိုက်ပါဘူး။ ကျနော့်အလုပ်အတွက် လိုက်လျောပေးနေတာမျိုးတွေ မရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က