ဂျီးဆပ်စ်ရဲ့ခြေစွမ်းပြမှုနဲ့အတူ မန်စီးတီးတို့ အမှတ်ပေးဖလားနဲ့ ပိုမိုနီးစပ်ခဲ့ပါတယ်။

ဒီပွဲက မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်စ်ရဲ့ပွဲဖြစ်ခဲ့ပါတယ်။ ကြားရက်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ရှိပေမယ့် ပရီးမီးယားလိဂ်ကလည်း အရေးကြီးနေတာကြောင့် ဂွါဒီယိုလာက လူစုံနီးပါးထုတ်သုံးခဲ့ပါတယ်။ နောက်တန်းမှာ ဒီယက်စ် ပွဲထွက်ခဲ့သလို ကွင်းလယ်မှာ ဖာနန်ဒင်ဟို၊ တိုက်စစ်မှာ စတာလင်၊ ဂျီးဆပ်စ်၊ ဂရီလစ်ရှ်တို့ ပွဲထွက်ခဲ့ပါတယ်။



ဝက်ဖို့ဒ်ကလည်း တန်းဆင်းဇုန်ကလွတ်ဖို့ မျှော်လင့်ချက်ငွေ့ငွေ့နဲ့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ မန်စီးတီးကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ မန်စီးတီးတို့ စောစောစီးစီး ဂိုးရခဲ့ပြီး ဇင်ချန်ကို ခင်းပေးတာကို ဂျီးဆပ်စ်က ပိတ်သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက် (၂၂) မိနစ် မှာ ဒီဘရိုင်း ဖြတ်တင်ပေးတာကို ဂျီးဆပ်စ်ကပဲ အနီးကပ် ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

မထင်မှတ်ဘဲ ကာမာရာရဲ့ချေပဂိုးတဂိုးရခဲ့ပေမယ့် မန်စီးတီးကို ဝက်ဖို့ဒ် ဘယ်လိုမှဒုက္ခထပ်မပေးနိုင်ခဲ့ဘဲ မန်စီးတီးကသာ နောက်ထပ်ဂိုးတွေရရှိခဲ့ပါတယ်။ (၃၃) မိနစ်မှာရရှိခဲ့တဲ့ ရိုဒရီရဲ့ လှပတဲ့ကန်ချက်နဲ့ သွင်းဂိုးအတွက်လည်း ဂျီးဆပ်စ်ကပဲ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းစစချင်း မန်စီးတီးတို့ ပင်နယ်တီရရှိခဲ့ပြီး ဂျီးဆပ်စ်က သူ့ကြောင့်ရရှိတဲ့ ဒီပင်နယ်တီကို သူကိုယ်တိုင်ပဲ ကန်သွင်းအဆုံးသတ်ခဲ့တာကြောင့် ဟက်ထရစ်ရရှိခဲ့ပါတယ်။ ဂျီးဆပ်စ်ရဲ့သွင်းဂိုးက ဒီလောက်နဲ့ မရပ်တန့်သွားသေးဘဲ နောက် (၅) မိနစ်အကြာမှာ ဒီဘရိုင်းရဲ့ ဖန်တီးပေးမှုကတဆင့် ထပ်မံကန်သွင်းယူခဲ့ပါတယ်။ နောက်ပိုင်းမှာ သွင်းဂိုးတွေထပ်မံမမြင်တွေ့ရတော့တာကြောင့် မန်စီးတီးက ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ ဂျီးဆပ်စ်က မန်စီးတီးရရှိခဲ့တဲ့ (၅) ဂိုးလုံးမှာ (၄) ဂိုးသွင်း၊ တဂိုးဖန်တီးနဲ့ အထူးခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဘရာဇီးတိုက်စစ်မှူးကို ရာသီကုန်မှာ အာဆင်နယ်တို့ခေါ်ယူဖို့ နီးစပ်နေပြီလို့ မကြာခင်ကပဲ သတင်းထွက်လာခဲ့ပါသေးတယ်။ ဂျီးဆပ်စ်ကတော့ အာဆင်နယ်နဲ့ သတင်းထွက်ပြီးနောက် ပထမဆုံးကစားခဲ့တဲ့ပွဲမှာတင် အခုလို ဂိုးသွင်းခြေစွမ်းပြခဲ့တာကြောင့် တော်တော်လေး ကျေနပ်စရာကောင်းခဲ့ပါတယ်။

ဒါ့အပြင် မန်စီးတီးကလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားဆဲဖြစ်ပါတယ်။ မနက်ဖြန် လီဗာပူးနဲ့အဲဗာတန်ပွဲမှာသာ လီဗာပူးတို့ ခြေချော်ခဲ့ရင်တော့ မန်စီးတီးအတွက် အခုနိုင်ပွဲက ပိုပိုပြီးတော့ကို တန်ဖိုးကြီးသွားမှာလည်းဖြစ်ပါတယ်။ မန်စီးတီးနဲ့ တချိန်တည်းကစားခဲ့တဲ့ပွဲတွေမှာတော့ လက်စတာနဲ့အက်စတွန်ဗီလာက ဂိုးမရှိသရေ၊ နယူးကာဆယ်က နော့ဝစ်ချ်ကို အဝေးကွင်းမှာ သုံးဂိုးပြတ်ဆိုတဲ့ ရလဒ်တွေထွက်ပေါ်ခဲ့ပါတယ်။

Share

က္က