အဲရစ်တန်ဟက်ခ်က မန်ချက်စတာမြို့လယ်ခေါင်မှာသာ နေထိုင်ချင်တာပါ။

ယူနိုက်တက်နည်းပြသစ်ဖြစ်လာမယ့် အဲရစ်တန်ဟက်ခ်တယောက် မန်ချက်စတာမြို့မှာ နေထိုင်ရေးအတွက် အသင်းက အခုတည်းက စတင်စီစဥ်ပေးနေရပြီဖြစ်ပါတယ်။ အသက် (၅၂) နှစ်အရွယ် အဆိုပါ နယ်သာလန်သားနည်းပြဟာ ယူနိုက်တက်ကို (၃) နှစ် + (၁) နှစ် သက်တမ်းတိုးခွင့် စာချုပ်နဲ့ ကိုင်တွယ်မှာပါ။



အဲရစ်တန်ဟက်ခ်ဟာ သူ့ရဲ့ကွင်းပြင်ပလိုအပ်ချက်တွေအတွက် အသင်းထံကို စာရင်းပေးပို့ထားပါတယ်။ သူ့အတွက် အရေးကြီးဆုံးကတော့ နေအိမ်ဖြစ်ပြီး မန်ချက်စတာမြို့လယ်နဲ့ တတ်နိုင်သမျှ နီးစပ်တဲ့နေရာမှာ နေထိုင်ဖို့ ဆန္ဒရှိပါတယ်။ ယူနိုက်တက်ဟာ ပုံမှန်အားဖြင့် နည်းပြတွေကို ဟိုတယ်မှာထားလေ့ရှိပေမယ့် အဲရစ်တန်ဟက်ခ်ကတော့ မန်ချက်စတာမြို့လယ်က အိမ်ခန်းကိုသာ တောင်းဆိုထားပါတယ်။

သူ့အနေနဲ့ မန်ချက်စတာမြို့လယ်ခေါင်မှာ နေထိုင်းရင်း အသင်းပရိသတ်တွေနဲ့ ပိုမိုရင်းနှီးဖို့၊ ဒေသရဲ့ ယဥ်ကျေးမှုတွေနဲ့ အသားကျဖို့ ကြိုးစားလိုနေတာဖြစ်ပါတယ်။ ဒီအတွက် အသင်းရဲ့တာဝန်ရှိသူတွေကလည်း အဲရစ်တန်ဟက်ခ်အတွက် ရွေးချယ်စရာတွေကို ပြင်ဆင်ပေးနေပြီး ဒီအထဲမှာ မြို့ခံပြိုင်ဘက် မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ ပေါင် (၂) သန်းတန်နေအိမ်နဲ့ နီးတဲ့အိမ်တလုံးလည်းပါဝင်နေပါတယ်။

အဲရစ်တန်ဟက်ခ်ရွေးချယ်ခွင့်ရှိတဲ့ အဆိုပါအိမ်ဟာ ဂွါဒီယိုလာရဲ့အိမ်အပြင် အခြားသောမန်စီးတီးကစားသမားတွေဖြစ်တဲ့ ဂွန်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗားတို့ရဲ့အိမ်နဲ့လည်း တဘလောက်တည်းမှာတည်ရှိတယ်လို့ သိရှိရပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ အေဂျက်စ်ကို လက်ရှိကိုင်တွယ်နေချိန်မှာလည်း အခုလိုပဲ တူညီတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။

(၂၀၁၇) မှာ အေဂျက်စ်ကို စတင်ကိုင်တွယ်တဲ့ အဲရစ်တန်ဟက်ခ်က လက်ရှိမှာလည်း မြို့လယ်ခေါင်မှာရှိတဲ့ တိုက်ခန်းမှာသာ နေထိုင်လျက်ရှိပါတယ်။ ဂွါဒီယိုလာနဲ့ အဲရစ်တန်ဟက်ခ်တို့ဟာ ဘိုင်ယန်မြူးနစ်မှာ ဆုံတွေ့ခဲ့ဖူးပြီး အဲ့ဒီအချိန်က ဂွါဒီယိုလာက ဘိုင်ယန်မြူးနစ်အသင်းကြီးနည်းပြ၊ အဲရစ်တန်ဟက်ခ်က ဘိုင်ယန်မြူးနစ်အရံအသင်းနည်းပြဖြစ်ခဲ့တာပါ။

လက်ရှိအချိန်ထိလည်း သူတို့နှစ်ယောက်အကြား ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိနေဆဲဖြစ်ပါတယ်။ အဲရစ်တန်ဟက်ခ် ယူနိုက်တက်ကို ကိုင်တွယ်ဖို့ သတင်းတွေစစထွက်ချင်းမှာတင် ဂွါဒီယိုလာက အဲရစ်တန်ဟက်ခ်ကို နည်းပြချုပ်အဖြစ် ခန့်အပ်ဖို့ ယူနိုက်တက်ကို ထောက်ခံချက်ပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က