Twitter ကို ဝယ်ဖို့ ဒေါ်လာ ၄၆.၅ ဘီလျံ အရန်သင့် ရှိနေတယ်ဆိုတဲ့ အီလွန်မတ်စ်ရဲ့ စကားဟာ ရှယ်ယာရှင်တွေအတွက် စိတ်ဝင်စားစရာဖြစ်လာပါတယ်။
The Wall Street Journal သတင်းအရ အရောင်းအဝယ်လုပ်ဖို့ ငွေကြေးစီစဉ်ပြီးသား ဖြစ်ကြောင်း အီလွန်မတ်စ်ရဲ့ ကြေညာချက် ထွက်လာပြီးတဲ့နောက် ကုမ္ပဏီဟာ မတ်စ်ရဲ့ ကမ်းလှမ်းချက်ကို ပြန်သုံးသပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဧပြီလလယ်က ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဟာ လူမှုကွန်ရက်ကုမ္ပဏီ Twitter ကို ဝယ်ဖို့ ဒေါ်လာ ၄၃ ဘီလျံပေးဖို့ အသင့်ရှိတယ်လို့ ပြောခဲ့ပြီး ဒါဟာ သူ့ရဲ့ အကောင်းဆုံးနဲ့ နောက်ဆုံးဈေးကမ်းလှမ်းမှုလို့လည်း ဆိုခဲ့ပါတယ်။
ကုမ္ပဏီကို ဝယ်ဖို့ မတ်စ်ရဲ့ ကမ်းလှမ်းမှုကို Twitter ဘက်က ပယ်ချခဲ့ပြီး ကုမ္ပဏီကို မတ်စ်လက်ထဲ မရောက်အောင် ဟန့်တားနိုင်မယ့် Poison Pill နည်းလမ်းပါ သုံးခဲ့ပါတယ်။ သိပ်မကြာခင်မှာ အီလွန်မတ်စ်ဘက်က Twitter ကို ဝယ်ဖို့ ဒေါ်လာ ၄၆.၅ ဘီလျံ အဆင်သင့်ပြင်ထားကြောင်း ကြေညာပြီးနောက် ကုမ္ပဏီဘက်က ဒီကိစ္စကို ပြန်သုံးသပ်တော့မယ်လို့ သတင်းထွက်လာတာပါ။
သတင်းအရ နှစ်ဖက်ကတာဝန်ရှိသူတွေဟာ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ အဆိုပြုချက်အတွက် တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီအမှုဆောင်အရာရှိတွေဘက်ကလည်း အရောင်းအဝယ်မဖြစ်ခဲ့ရင် မတ်စ်ဘက်က ငွေကြေးအကာအကွယ်ပေးမှု (ရှယ်ယာတွေ ထုတ်ရောင်းပစ်တာမျိုး မလုပ်ပါဆိုတဲ့ အာမခံမျိုး) ပေးဖို့ တောင်းဆိုဖို့ ရှိပါတယ်။
Twitter ဟာ ဒီတစ်ပတ် ကြာသာပတေးနေ့မှာ ပထမသုံးလပတ်ဝင်ငွေရလဒ်ရှင်းတမ်း အစီရင်ခံစာတစ်စောင်ထုတ်ဖို့ ရှိပါတယ်။ ဒီသုံးလပတ်ဘဏ္ဍာရေးရလဒ်ရှင်းတမ်းမှာ ကုမ္ပဏီအရောင်းအဝယ်ကိစ္စကို သုံးသပ်ဆွေးနွေးသွားဖို့လည်း ရှိနိုင်ပါတယ်။