Twitter သုံးခွင့် အပိတ်ခံရတာကို စိတ်နာနေတဲ့ အမေရိကန်သမ္မတဟောင်းဟာ လူမှုကွန်ရက်ကုမ္ပဏီပိုင်ရှင်သစ်က Ban ထားတာ ပြန်ဖွင့်ပေးရင်လည်း အသုံးပြုတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ၂၀၂၁ ဇန်နဝါရီ ၆ ရက် Capitol အဆောက်အဦအတွင်း သူ့ထောက်ခံသူတွေ ဝင်စီးနင်းခဲ့တဲ့ အဓိကရုဏ်းဖြစ်မှုမှာ လူမှုကွန်ရက်ကနေ သွေးထိုးလှုံ့ဆော်ခဲ့တယ်ဆိုပြီး Twitter က ထရမ့်ရဲ့ @RealDonaldTrump အကောင့်ကို အပြီးတိုင်ပိတ်ခဲ့တာပါ။ Follower ၈၈ သန်းကျော် ရှိတဲ့ အကောင့်ပိုင်ရှင် အမေရိကန်သမ္မတဟောင်းဟာ သူ့အကောင့်ပိတ်လိုက်တဲ့ Twitter လူမှုကွန်ရက်ကုမ္ပဏီကို တရားစွဲထားပြီး Twitter နဲ့အပြိုင် ပုံစံတူ ကိုယ်ပိုင်လူမှုကွန်ရက်ဝန်ဆောင်မှု Truth Social App ကို ထုတ်ထားပါတယ်။
Twitter ကို ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ်က ဒေါ်လာ ၄၄ ဘီလျံခန့်နဲ့ ဝယ်ဖို့ကိစ္စ တရားဝင်သတင်းထွက်လာချိန်မှာတောင် သမ္မတဟောင်းဟာ Twitter ကို သုံးဖို့ စိတ်မပါတော့ဘူးလို့ ဆိုပါတယ်။ ပိုင်ရှင်သစ် အီလွန်မတ်စ်က သမ္မတဟောင်းပေါ် ပိတ်ထားတာကို ပြန်ဖွင့်ပေးရင်တောင်မှ သူ့အနေနဲ့ Twitter ဆီ ပြန်မလာတော့ဘူးလို့ CNBC သတင်းဌာနကို ပြောပါတယ်။
"နိုးပါ။ ကျွန်တော် Twitter ကို ပြန်လာမှာ မဟုတ်ပါဘူး"လို့ ထရမ့်က CNBC သတင်းထောက် ဂျိုး ကာနန်ကို ပြောပါတယ်။ "ဒီတစ်ပတ်အတွင်း Truth Social ပေါ်မှာပဲ ကျွန်တော်ရှိနေမှာပါ။ ကျွန်တော်တို့ဆီမှာ စာရင်းသွင်းထားတဲ့လူတွေ အများကြီး ရှိတာပဲ။ ကျွန်တော် အီလွန်မတ်စ်ကို သဘောကျပါတယ်။ အတော်ကြီးကို သဘောကျတာပါ။ သူက အတော်ထက်မြက်တဲ့ လူပါ။ ကျွန်တော် အိမ်ဖြူတော်မှာတုန်းက Twitter အတွက် အများကြီး လုပ်ခဲ့တယ်။ Twitter ကျွန်တော့်ကို ဆက်ဆံတဲ့ပုံကိုတော့ စိတ်ပျက်ခဲ့ပါတယ်။ Twitter ကို ပြန်မသွားတော့ပါဘူး။"
Big Tech ပလက်ဖောင်းတွေပေါ်ကနေ Ban ခံ ထိထားတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ Trump Media & Technology Group (TMTG) ရဲ့ အောက်ကနေ Truth Social ဆိုတဲ့ လူမှုကွန်ရက် App တစ်ခု ထုတ်ထားပါတယ်။ TMTG ဟာ Digital World Acquisition Group နဲ့ လုပ်ငန်းပေါင်းထားပြီး Truth Social App ကို ဖြန့်ချိခဲ့ပေမယ့် App Store ပေါ် စပြီး လွှင့်တင်ချိန်မှာ နည်းပညာအခက်အခဲကြောင့် အသုံးပြုသူတွေ မှတ်ပုံတင်စာရင်းသွင်းမရတာမျိုး ရှိခဲ့သလို ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာပဲ Truth Social ရဲ့ နည်းပညာအမှုဆောင်အရာရှိချုပ်နဲ့ ထုတ်ကုန်အရာရှိချုပ်တို့ အလုပ်ကနေ ထွက်သွားမှုနဲ့ ကြုံခဲ့ရပါတယ်။
Twitter ကို အီလွန်မတ်စ် လက်လွှဲဝယ်ယူလိုက်ပြီးတဲ့နောက် ထရမ့်ကို Twitter သုံးခွင့်ပေးမလားဆိုတဲ့ မေးခွန်းတွေ ရှိနေကြပါတယ်။ မတ်စ်ဟာ Twitter ကို အခုလို ဒေါ်လာ ၄၄ ဘီလျံခန့်ပေးဝယ်တာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေး ပလက်ဖောင်းအဖြစ် ပြောင်းလဲဖို့လို့ ပြောထားတာကြောင့် ဖြစ်ပါတယ်။ အီလွန်မတ်စ်ရဲ့ ကုမ္ပဏီဝယ်ဖို့ ကမ်းလှမ်းချက် လက်ခံလိုက်ပြီ ဖြစ်ကြောင်း Twitter ရဲ့ ကြေညာချက် ထွက်လာပြီးနောက်မှာတော့ ထရမ့်နဲ့ ပတ်သက်နေတဲ့ Digital Media World Acquisition Group ကုမ္ပဏီရှယ်ယာဈေးဟာ ၁၃% နီးပါး ထိုးကျသွားတယ်လို့ ဆိုပါတယ်။