တမူထူးခြားတဲ့ ကင်မရာအိမ်နဲ့ High-End Specs သုံး Vivo X80 Pro ဖုန်းသစ်ကို တရုတ်ဈေးကွက်မှာ ကြေညာသွားပါတယ်။
Vivo X70 စီးရီးမှာ မော်ဒယ် ၃ မျိုး မိတ်ဆက်ခဲ့ရာကနေ ဒီနှစ် Vivo X80 စီးရီးမှာတော့ Vivo X80 နဲ့ X80 Pro ဆိုပြီး နှစ်မျိုး မိတ်ဆက်သွားတာ ဖြစ်ပါတယ်။ X80 စီးရီးဟာ အရင်မော်ဒယ်ထက် ပိုကောင်းတဲ့ Display ၊ ပိုမြန်တဲ့ Chipset နဲ့ အဆင့်မြင့်တဲ့ ကင်မရာစနစ်တွေ သုံးလာတာပါ။ မော်ဒယ်နှစ်မျိုးလုံးမှာ ၆.၇၈ လက်မ AMOLED နဲ့ မှန်အပေါ်အလယ် centered punch-hole ကင်မရာပေါက် ဒီဇိုင်းသုံးတာချင်း တူပေမယ့် Pro မော်ဒယ်ကတော့ ပိုပြီး ရုပ်ထွက်မြင့်တဲ့ QHD+ (3200 x 1440p) နဲ့ လာပြီး LTPO 3.0 ၊ စွမ်းအင်စီမံမှု ပိုကောင်းပြီး 1Hz ကနေ 120Hz ကို အလိုက်သင့်ပြောင်းပေးနိုင်မယ့် 120Hz Adaptive Refresh Rate သုံးထားပါတယ်။
Display ပိုင်းမှာ စိတ်ဝင်စားစရာ Features တွေအနေနဲ့ 1000Hz အထိ touch sampling rate ပေးထားပြီး 105% DCI-P3 coverage ၊ 1500nits Brightness နဲ့ HDR10+ support စနစ်တို့လည်း ပါဝင်ပါတယ်။ မှန်ပြင်အောက်မှာ Ultrasonic Fingerprint Sensor သုံးထားပြီး လက်ဗွေဖတ်နိုင်မယ့်ဧရိယာကို ၃၈.၇% ပိုချဲ့ထားတယ်လို့ ဆိုပါတယ်။ ကင်မရာပိုင်းမှာ Vivo X80 Pro ဟာ စွမ်းဆောင်ရည်မြင့် ကင်မရာစနစ် သုံးလာပါတယ်။
ကျောဘက်အလျားလိုက်အပြည့်ကင်မရာ Module ထဲမှာ စက်ဝိုင်းပုံ ကင်မရာ Cutout နဲ့ Zeiss တံဆိပ်ပါ ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ main camera ဟာ Samsung ထုတ် 50MP 1/1.3" ISOCELL GNV Sensor ဖြစ်ပြီး Stabilized Optics နဲ့ တွဲထားတဲ့အပြင် Laser AF နဲ့ Pixel Shift နည်းပညာပါ ထောက်ပံ့ထားပါတယ်။ ဒီကင်မရာနဲ့အတူ Gimbal ပုံစံ OIS ထောက်ပံ့ထားတဲ့ 48MP Ultrawide Sensor ၊ 2x Zoom 12MP Sony IMX663 1/2" sensor ၊ 5x tele 8MP periscope sensor သုံးထားတာပါ။
Zeiss Optics နဲ့ Zeiss T* Lens Coating အပြင် Low-Light ဓါတ်ပုံကင်မရာနည်းပညာအတွက် Vivo V1 Plus Imaging Chip ပါ သုံးလာတာပါ။ ရှေ့ကင်မရာကတော့ 32MP နဲ့ လာပါတယ်။ တခြား Features တွေထဲက စိတ်ဝင်စားစရာကောင်းတာက HiFi Audio Chip ၊ WiFi 6 ၊ Bluetooth 5.2 ၊ ပိုဝေးဝေးအထိ ချိတ်ဆက်နိုင်မယ့် NFC စနစ် ၊ စတီရီယို အသံစနစ် ၊ IP68 Rating တို့ပဲ ဖြစ်ပြီး အနက် ၊ လိမ္မော် နဲ့ အစိမ်း ၃ ရောင်နဲ့ လာပါတယ်။ ကာလာပေါ် လိုက်ပြီး Ceramic အဖုံး ဒါမှမဟုတ် Vegan Leather တုနဲ့လည်း ဝယ်နိုင်မှာပါ။
ဈေးကွက်ပေါ် လိုက်ပြီး SoC ကို Snapdragon 8 Gen 1 ၊ Adreno 730 GPU ဗားရှင်းနဲ့ MediaTek Dimensity 9000 ၊ Mali-G710 GPU ဗားရှင်းဆိုပြီး နှစ်မျိုး ထွက်ပါတယ်။ LPDDR5 RAM 8GB/12GB ၊ UFS 3.1 Flash Storage 256GB/512GB Options တွေနဲ့လာပြီး 4700mAh ဘက်ထရီ ၊ 80W Fast Charging နဲ့ 50W Fast Wireless Charging တို့ Support ပေးထားပါတယ်။ ဖုန်းအတွင်း အပူချိန် ထိန်းညှိဖို့ ၂၇ လွှာပါ အဆင့်မြင့် VC Cooling System တစ်ခုလည်း ထည့်ပေးထားပါတယ်။
Snapdragon ဗားရှင်းကို 8GB/256GB, 12GB/256GB နဲ့ 12GB/512GB memory မော်ဒယ်သုံးမျိုးနဲ့ ဝယ်နိုင်မှာ ဖြစ်ပြီး Dimensity 9000 မော်ဒယ်မှာတော့ RAM 12GB ဗားရှင်းနှစ်မျိုးပဲ ထွက်ထားပါတယ်။ ဈေးနှုန်းအနေနဲ့ ယွမ် ၅၅၀၀ (မြန်မာငွေ အနည်းဆုံး ၁၅ သိန်းခွဲကျော်) ၊ ယွမ် ၆၀၀၀ (မြန်မာငွေ အနည်းဆုံး ၁၇ သိန်းခန့်) နဲ့ ယွမ် ၆၇၀၀ (မြန်မာငွေ အနည်းဆုံး ၁၉ သိန်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။