အစပိုင်းမှာ လုံခြုံရေးအတွက် ယာဉ်မောင်းလိုက်ပါမှာပါ

အလိုအလျောက်မောင်းစနစ်သုံး တက္ကစီကားတွေဟာ တရုတ်မှာ ငှားရမ်းနိုင်တော့မှာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံမှာ Pony.ai ဟာ တက္ကစီလိုင်စင်ရ ပထမဆုံး မောင်းသူမဲ့ကားကုမ္ပဏီ ဖြစ်လာခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ အစိုးရခွင့်ပြုချက်နဲ့ လာမယ့် မေလထဲမှာ ကွမ်ကျိုးမြို့မှာ Pony.ai ရဲ့ မောင်းသူမဲ့ကား ၁၀၀ ဟာ လုပ်ငန်းစတင် လည်ပတ်တော့မှာပါ။ အစပိုင်းမှာ ကွမ်ကျိုးမြို့ Nansha ခရိုင်ထဲမှာ မောင်းသူမဲ့ကားအငှားယာဉ် ဝန်ဆောင်မှု စတင်သွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ တခြားဧရိယာတွေကိုပါ တိုးချဲ့ဝန်ဆောင်မှုပေးသွားမယ်လို့ ဆိုပါတယ်။ 





ဒီအငှားယာဉ်ဝန်ဆောင်မှုကို အသုံးပြုချင်သူတွေဟာ Pony.ai ရဲ့ App ကနေ တစ်ဆင့် မနက် ၈ နာရီခွဲကနေ ည ၁၀ နာရီခွဲအတွင်း ကားငှားနိုင်မယ်လို့ ဆိုပါတယ်။ တက္ကစီဈေးကိုလည်း ကွမ်ကျိုးက ပုံမှန်တက္ကစီဈေးနှုန်းအတိုင်း သတ်မှတ်ထားတာပါ။ အလိုအလျောက်မောင်းစနစ်သုံးကားတွေ ဖြစ်ပေမယ့် လုံခြုံရေးအရ ကားထဲမှာ ယာဉ်မောင်းတစ်ဦး လောလောဆယ် ထားရှိသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ ယာဉ်မောင်းမပါဘဲ ဝန်ဆောင်မှုပေးဖို့ စီစဉ်ထားပါတယ်။ 

တရုတ်မောင်းသူမဲ့ကား ကုမ္ပဏီ Pony.ai ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ မောင်းသူမဲ့ကားအစီးရေ ၆၇ စီးနဲ့ ဘေဂျင်းမြို့မှာ လုပ်ငန်းလည်ပတ်ဖို့ ခွင့်ပြုချက် ရခဲ့ပြီး အခုမှ တက္ကစီလိုင်စင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ အမေရိကန်မှာလည်း ရှိပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ကယ်လီဖိုးနီးယားမှာ ဖြစ်ပွားခဲ့တဲ့ မောင်းသူမဲ့ယာဉ်တိုက်မှုတစ်ခုကြောင့် ကယ်လီဖိုးနီးယားပြည်နယ်အတွင်း မောင်းသူမဲ့ကားစမ်းသပ်ခွင့် ယာယီပိတ်ခံထားရပါတယ်။ 

၂၀၂၂ ခုနှစ် ဧပြီလလယ်အထိ Pony.ai ရဲ့ Robotaxi ဝန်ဆောင်မှုဟာ ‌ခရီးစဉ် ၇ သိန်းကျော် ပြီးမြောက်ခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီခရီးစဉ်တွေမှာ လိုက်ပါစီးနင်းသူတွေရဲ့ ၈၀% နီးပါးဟာ ထပ်တလဲလဲ စီးကြသူတွေ ဖြစ်ပြီး ခရီးသည်တွေရဲ့ ၉၉% က ဒီဝန်ဆောင်မှုပေါ် အပြုသဘောမှတ်ချက်ချခဲ့တယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က