ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က အဲဗာတန်ကို အဝေးကွင်းမှာရှုံးနိမ့်ခဲ့တဲ့ပွဲအတွင်း လူကာကူကို ထည့်သွင်းအသုံးမပြုတဲ့အပေါ် ဖြေရှင်းချက်ပေးလာခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးဂန္တဝင်ဟောင်း လမ်းပတ် ကိုင်တွယ်နေတဲ့ အဲဗာတန်ကို ချဲလ်ဆီးတို့ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
လူကာကူဟာ နောက်ပိုင်းပွဲတွေမှာ ချဲလ်ဆီးအတွက် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်လာရပြီး လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရနေပါတယ်။ ဒါပေမယ့် လူစားဝင်ခွင့်ရချိန်တွေမှာလည်း ခြေစွမ်းမပြနိုင်၊ အခွင့်အရေးတွေ လွဲချော်နေဆဲဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
အဲဗာတန်နဲ့ပွဲမှာတော့ အသင်းက ချေပဂိုးရဖို့ လိုအပ်နေတာတောင် တူဟယ်လ်က လူကာကူကို ထည့်သွင်းမကစားခဲ့ပါဘူး။ အဲ့ဒီပွဲချိန်အတွင်း လူကာကူတယောက် အရံခုံမှာ စိတ်ပျက်လက်ပျက် ထိုင်နေတာကို ရုပ်သံမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။
ဒီလိုမျိုး လူကာကူကို ကစားခွင့်မပေးခဲ့တဲ့အပေါ်မှာ ချဲလ်ဆီးနည်းပြ တူဟယ်လ်က “ဘာလို့ လူကာကူကို မသုံးတာလဲဆိုတော့ ဂျော်ဂျင်ဟိုကို ထုတ်လိုက်ရတယ်လေ။ ကျနော်တို့က သုံးယောက်ပဲ လူစားလဲခွင့်ရှိတာပါ” လို့ ပြတ်ပြတ်သားသား ဖြေကြားသွားခဲ့ပါတယ်။
တူဟယ်လ်ဟာ ဒီပွဲရဲ့ ပထမပိုင်းအပြီးမှာ ဂျော်ဂျင်ဟိုနေရာ ကိုဗာဆစ်ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် ဂိုးရဖို့ လိုအပ်နေချိန်မှာတော့ ပူလီဆစ်နဲ့ ဇီယက်ချ်တို့ကိုသာ ထည့်သွင်းခဲ့တာဖြစ်ပြီး လူကာကူကတော့ ပွဲအစအဆုံး တမိနစ်မှကို မကစားလိုက်ရတာပဲဖြစ်ပါတယ်။
လူကာကူနဲ့ပတ်သက်လို့ တူဟယ်လ်ရဲ့ အခုလိုမျိုးဖြေရှင်းချက်ကတော့ လုံလောက်မှုမရှိပါဘူး။ တဖက်မှာလည်း ကစားသမားရဲ့ ခြေစွမ်းက စိတ်ပျက်စရာကောင်းနေပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကို အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ အနိုင်ရခဲ့တဲ့ပွဲ၊ အာဆင်နယ်ကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲတွေမှာ လူကာကူက လူစားဝင်လာပြီး ပရိသတ်တွေ ဒေါသထွက်စရာ ခြေစွမ်းမျိုးကို ပြသခဲ့ပါတယ်။