ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းကြီး ဂယ်ရီနဗီးလ်ဟာ မနေ့ညက ဗီလာရီးရဲလ်နဲ့လီဗာပူးပွဲရလဒ်ကြောင့် တော်တော်လေး ကသိကအောက်ဖြစ်ခဲ့ရပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ရင်ဆိုင်တဲ့ အဆိုပါပွဲမှာ လီဗာပူးက Comeback နဲ့အတူ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပထမပိုင်းမှာ ဗီလာရီးရဲလ်က ဒီယာ၊ ကိုကွီလင်တို့ရဲ့ဂိုးတွေနဲ့ နှစ်ဂိုးပြတ် ဦးဆောင်ထားပြီး ပထမအကျော့က လီဗာပူးရဲ့ နှစ်ဂိုးပြတ်အနိုင်ရလဒ်ကို ပြန်လိုက်မှီခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ လီဗာပူးဘက်က ဒီယက်ဇ် ဝင်လာမှုနဲ့အတူ ပွဲရဲ့ချိန်ခွင်လျှာ အပြောင်းအလဲဖြစ်ခဲ့ပြီး လီဗာပူးတို့ ချေပဂိုးနဲ့အနိုင်ဂိုးတွေရရှိခဲ့ပါတယ်။
လီဗာပူးအတွက် ဖာဘင်ဟို၊ ဒီယက်ဇ်၊ မာနေးတို့က ဂိုးတွေသွင်းယူပေးခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၂ ဂိုးနဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းအပြီး လီဗာပူးရှုံးနိမ့်ချိန်မှာတော့ ဂယ်ရီနဗီးလ်က တွစ်တာကတဆင့် လီဗာပူးရဲ့ရလဒ်ကို သွယ်ဝိုက်လှောင်ပြောင်သလို လုပ်ခဲ့ပါတယ်။
မျက်နှာက အနည်းငယ်ရယ်ပြုံးရင်း မျက်လုံးကြီးပြူးကာ အံ့အားသင့်နေတဲ့မျက်နှာနဲ့ ဂယ်ရီနဗီးလ်က ဝိုင်နီတခွက်ကို သောက်သုံးဖို့ ပြင်ဆင်နေတဲ့ သူ့ရဲ့ဓာတ်ပုံကို တွစ်တာမှာ တင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ပွဲရလဒ်က လုံးဝကိုပြောင်းပြန်လန်သွားခဲ့ပြီး လီဗာပူးက အနိုင်ရခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲပါ တက်ရောက်နိုင်ခဲ့တာကြောင့် ဂယ်ရီနဗီးလ်တယောက် အခက်တွေ့ခဲ့ရပါတယ်။
ဂယ်ရီနဗီးလ်ဟာ သူ့ရဲ့ ကစားသမားဘဝတလျှောက်လုံး လီဗာပူးရဲ့ ခါးသီးပြိုင်ဘက် ယူနိုက်တက်မှာ ကစားခဲ့တာဖြစ်ပါတယ်။ ကစားသမားဘဝက အနားယူသွားပြီးနောက်ပိုင်းမှာလည်း ရုပ်သံဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်က လီဗာပူးဂန္တဝင်ဟောင်း ကာရေဂါနဲ့အတူ အခုလိုမျိုးပဲ ပြိုင်ဘက်အဖြစ်နဲ့ပဲ ဦးရာလူက လှောင်ပြောင်ကြေးလိုမျိုး မကြာခဏ ပြုလုပ်နေကြသေးတာလည်းဖြစ်ပါတယ်။ မနေ့ညကပွဲအပြီးမှာလည်း ကာရေဂါက ဂယ်ရီနဗီးလ်ကို ပြန်လည်လှောင်ပြောင်သွားခဲ့သေးတယ်လို့လည်း သိရှိရပါတယ်။