Twitter ကုမ္ပဏီကို ဝယ်ယူဖို့ သဘောတူညီချက် ရပြီးနောက် အီလွန်မတ်စ်ဟာ Twitter အသုံးပြုနေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရအဖွဲ့အစည်းတွေကို အသုံးပြုကြေးအနည်းငယ် ကောက်ခံသွားဖို့ ရှိတယ်လို့ ပြောပါတယ်။
သာမန်အသုံးပြုသူ Casual Users တွေအတွက် Twitter ကို အခမဲ့ ဆက်ပြီး အသုံးပြုခွင့်ပေးသွားမှာ ဖြစ်ပေမယ့် စီးပွားရေးလုပ်ငန်းတွေ နဲ့ အစိုးရတွေကို အခကြေးငွေအနည်းငယ် ကောက်ဖို့ မတ်စ်က စဉ်းစားနေတာပါ။ Tesla နဲ့ SpaceX ကုမ္ပဏီတို့ရဲ့ CEO ဖြစ်သူ အီလွန်မတ်စ်အနေနဲ့ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေကို ငွေဘယ်လောက် ကောက်မယ်ဆိုတဲ့ အချက်နဲ့ NGO ၊ ဂျာနယ်လစ် စတဲ့ တချို့အဖွဲ့တွေအတွက်ရော အသုံးပြုကြေး ကောက်မလားဆိုတာကိုတော့ ပြောကြားခြင်း မရှိပါဘူး။
လူမှုကွန်ရက်ကုမ္ပဏီ Twitter ဟာ Facebook ၊ Instagram ၊ YouTube တို့လို တခြား Social Media Platform ကြီးတွေနဲ့ ယှဉ်ရင် ဝင်ငွေရပေါက် သိပ်မရှိတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပြီး အီလွန်မတ်စ်လက်ထက်မှာ Twitter ဝင်ငွေတိုးတက်ရေးအတွက် နည်းလမ်းသစ်တွေ ရှာဖွေသွားဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ မတ်စ်ဟာ ဘဏ်တွေနဲ့ ဆက်သွယ်ပြီး သူဟာ Tweet တွေကနေ ငွေရှာဖို့ နည်းလမ်းသစ်တွေ ဖော်ထုတ်သွားမှာ ဖြစ်သလို ကုမ္ပဏီရဲ့ ထိပ်တန်း အမှုဆောင်အရာရှိလစာတွေ လျှော့ချမှုလုပ်ဖို့ပါ ရှိတယ်လို့ ပြောခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။
မတ်စ်ဟာ ကုမ္ပဏီဝင်ငွေအတွက် အရေးကြီးသတင်းအချက်အလက်တွေ ပါတဲ့ ဒါမှမဟုတ် လူစိတ်ဝင်စားမှုများတဲ့ Tweet တွေကနေ ငွေရှာဖို့ နည်းလမ်းအပြင် Features သစ်တွေ ထပ်ထည့်ဖို့ အာရုံစိုက်နေပါတယ်။ Twitter မှာ Followers ၉၀.၇ သန်းအထိ ရှိတဲ့ မတ်စ်ဟာ Twitter ကို Features သစ်တွေနဲ့ ပိုကောင်းအောင် အဆင့်မြှင့်သွားမယ်လို့ စောစောကပဲ ပြောထားတာ ရှိပါတယ်။
ကုမ္ပဏီဝင်ငွေအနေနဲ့ လောလောဆယ် Twitter ဟာ အမေရိကန် ၊ ကနေဒါ ၊ ဩစတြေးလျ နဲ့ နယူးဇီလန်တို့မှာ Twitter Blue ဆိုပြီး လစဉ်ကြေးပေး သုံးရတဲ့ ဝန်ဆောင်မှုတစ်ခု ဖြန့်ချိထားပါတယ်။ အမေရိကန်မှာ တစ်လ ၃ ဒေါ်လာနှုန်း ကျသင့်မယ့် ဒီပရီမီယံ Feature မှာ တင်ထားတဲ့ Tweet ကို ချက်ချင်း ပြန်ပြန်ဆင်နိုင်မယ့် Undoing နဲ့ စိတ်ကြိုက် Tweets တွေ အစီအစဉ်အလိုက် သိမ်းနိုင်မယ့် Bookmarking စနစ်လိုမျိုး Features တွေ ပါဝင်ပါတယ်။
မတ်စ်ကတော့ Twitter Blue ရဲ့ လစဉ်ကြေးကို လျှော့ချချင်နေပြီး ဝန်ဆောင်မှုအတွင်း ကြော်ငြာပိတ်တဲ့စနစ် ထည့်တာမျိုး ၊ Dogecoin လို Cryptocurrency နဲ့ ငွေပေးချေတာမျိုး အပြောင်းအလဲတွေ လုပ်ဖို့ စိတ်ကူးရှိနေပါတယ်။