ရှေ့ဆက် ကြုံလာနိုင်တဲ့ စီးပွားရေးစိန်ခေါ်မှုတွေကြောင့် Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ရာထူးမြင့်ဝန်ထမ်းခေါ်ယူမှုကို ရပ်တော့မယ်လို့ ဆိုပါတယ်။
ဝင်ငွေဖွံ့ဖြိုးမှု နှေးကွေးလာခြင်းနဲ့အတူ အဘက်ဘက်က စီးပွားရေး စိန်ခေါ်မှုတွေ ကြုံနေတာကြောင့် အကြီးတန်းနဲ့ အလတ်တန်း Level ရာထူးအများစု ခေါ်ယူမှု လျှော့ချတာ ၊ လုံးဝ ရပ်ဆိုင်းတာမျိုး လုပ်မယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ ယူကရိန်း-ရုရှားစစ်ပွဲ ၊ Apple ရဲ့ Privacy အပြောင်းအလဲ နဲ့ ငွေကြေးဖောင်းပွမှုအပါအဝင် ကြုံတွေ့နေရတဲ့ စီးပွားရေးစိန်ခေါ်မှုတွေက အခုလို ဆုံးဖြတ်စေခဲ့တာ ဖြစ်ပါတယ်။
"ကျွန်တော်တို့ရဲ့ စီးပွားရေးလိုအပ်ချက်နဲ့ အညီ လူတော်တွေ ခေါ်ယူမှုလုပ်တဲ့ကိစ္စကို ပုံမှန်ဆန်းစစ်လေ့ရှိပါတယ်။ ဒီသုံးလပတ်ကာလအတွက် အသုံးစရိတ်ညွှန်ကြားချက်အရ ဝန်ထမ်းခေါ်ယူမှုကိုလည်း လိုက်ပါ လျှော့ချနေပါတယ်။" လို့ Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူက CNBC ကို ပို့တဲ့ အီးမေလ်မှာ ပြောထားပါတယ်။
ဒါပေမယ့်လည်း ရေရှည် သက်ရောက်မှုကို အာရုံစိုက်ဖို့ ဝန်ထမ်းအင်အားဖွံ့ဖြိုးရေးပေါ် ဆက်ပြီး လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။ Facebook ဟာ ပထမသုံးလပတ်ကာလအတွင်း ဝန်ထမ်းသစ် ၅၈၀၀ အထိ ခန့်အပ်ခဲ့ပြီး မတ်လအကုန်မှာ ကုမ္ပဏီဝန်ထမ်း စုစုပေါင်း ၇၇၈၀၀ အထိ ရှိလာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ဝန်ထမ်းအင်အား ၂၈% ပို တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
Business Insider သတင်းအရ ကုမ္ပဏီဟာ ဒီနှစ်အတွင်း ဝန်ထမ်းသစ် ခေါ်ယူမှု ဆက်လုပ်ဖို့ မရှိကြောင်း ရုံးတွင်းမှတ်ချက်မှာ ပြောထားတယ်လို့ ဆိုပါတယ်။ အလုပ်သစ် ခေါ်ယူမှုရပ်ခြင်းဟာ ကုမ္ပဏီရဲ့ ဌာနတိုင်းနီးပါး သက်ရောက်မှု ရှိနိုင်တာ ဖြစ်လို့ ၂၀၂၂ ခုနှစ်အတွက် အင်ဂျင်နီယာ ၊ မန်နေဂျာ နဲ့ ဒါရိုက်တာ Level ရာထူးတချို့ပါ အသစ် ခေါ်ယူမှု လုပ်ဖို့ မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်က ထုတ်ပြန်ခဲ့တဲ့ Meta ကုမ္ပဏီရဲ့ ဝင်ငွေရလဒ် ရှင်းတမ်းမှာ ကုမ္ပဏီဟာ ဒုတိယသုံးလပတ်အတွင်းမှာ နှစ်အလိုက်ဝင်ငွေ ကျဆင်းမှုနဲ့ ကြုံနိုင်တယ်လို့ တွက်ချက်ထားပါတယ်။ Meta ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် ဒေးဗစ် ဝါနာက ကုမ္ပဏီမှာ ကြုံနေရတဲ့ ပြဿနာအမျိုးမျိုးကို ရှင်းလင်းခဲ့ပြီး ၂၀၂၂ ခုနှစ်အတွက် စုစုပေါင်း အသုံးစရိတ်ကို ယခင် ဒေါ်လာ ၉၀ - ၉၅ ဘီလျံ ဒေါ်လာ ၈၇ - ၉၂ ဘီလျံအတွင်း ပြန်လျှော့ထားတယ်လို့ ဆိုပါတယ်။
သုံးလပတ်ဝင်ငွေရလဒ် ရှင်းတမ်းအရ ဇန်နဝါရီကနေ မတ်လအထိ ပထမသုံးလပတ်အတွင်းမှာ နေ့စဉ် Facebook သုံးစွဲသူဦးရေဟာ ၁.၉၃ ဘီလျံကနေ ၁.၉၆ ဘီလျံအထိ ပြန်တက်လာပြီး Meta ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၂၇.၉ ဘီလျံနဲ့ ၇% တိုးလာခဲ့ပေမယ့် ဒါဟာ အများပိုင်ကုမ္ပဏီပြောင်းပြီးကတည်းက အနှေးကွေးဆုံး ဝင်ငွေဖွံ့ဖြိုးမှုဖြစ်တယ်လို့ ဆိုပါတယ်။ လာမယ့် ဒုတိယသုံးလပတ်မှာတော့ ကုမ္ပဏီဟာ ပိုကြီးတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံလာနိုင်မယ်လို့ ဒေးဗစ် ဝါနာက အသိပေးထားပါတယ်။
ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တဲ့ ယူကရိန်း-ရုရှား စစ်အတွင်း ကြော်ငြာလုပ်ငန်းကြီးတချို့ ကြော်ငြာတင်မယ့်အစီအစဉ် ဖျက်သိမ်းတာ ၊ ရုရှားရဲ့ Social Media ကန့်သတ်မှုကြောင့် လစဉ် Facebook သုံးသူ ကျဆင်းမှာတွေအပြင် ငွေကြေးဖောင်းပွမှု ဂယက်နဲ့ Apple ရဲ့ iPhone OS တွေမှာ Privacy Change ကြောင့် ဒီနှစ်အတွက် ကြော်ငြာဝင်ငွေ ဒေါ်လာ ၁၀ ဘီလျံအထိ နစ်နာနိုင်တာတွေကလည်း ဒုတိယသုံးလပတ်အတွက် ဝင်ငွေရလဒ် ထိခိုက်နိုင်တဲ့ စိန်ခေါ်မှုတွေလို့ ကုမ္ပဏီက သုံးသပ်ထားပါတယ်။