အင်တာနက်ပေါ် ဟာသအဖြစ် တင်ခဲ့တဲ့ Meme တွေဟာ ဒေါ်လာသန်းနဲ့ချီတန် NFTs တွေ ဖြစ်လာခဲ့ပါတယ်။
ဒီဂျစ်တယ်အနုပညာပစ္စည်းတစ်ခုရဲ့ ပိုင်ဆိုင်မှုပြ ဒီဂျစ်တယ်တိုကင်လေးတွေ ဖြစ်တဲ့ NFTs (Non-Fungible Token) ဈေးကွက်ဟာ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၂၁ ဘီလျံကျော်တန်တဲ့ ဈေးကွက် ဖြစ်လာခဲ့ပြီး ဒီဂျစ်တယ်အနုပညာဖန်တီးချက်တွေကလည်း မကုန်ဆုံးနိုင်တဲ့ အခွင့်အလမ်းတွေနဲ့အတူ အလွန်ကို ကျယ်ပြောတဲ့ လောကတစ်ခု ဖြစ်လာခဲ့ပါတယ်။
အခုနောက်ပိုင်းမှာ ဒီဂျစ်တယ်အနုပညာဖန်တီးသူတွေဟာ အင်တာနက်ခေတ်ဦးက လူတွေ နှစ်သက်စွဲလမ်းခဲ့ကြတဲ့ Classic Memes ဟောင်းတွေကို NFTs အဖြစ် ဖန်တီးလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို Memes NFTs တွေထဲကမှ တန်ဖိုးကြီး NFTs တချို့အကြောင်း မျှဝေပေးချင်ပါတယ်။
(၁) Bad Luck Brian
Bad Luck Brian လို့ ခေါ်တဲ့ စတီးသွားထိန်း တပ်ထားတဲ့ ဆံပင်နီနီ ရီနေတဲ့ ကောင်လေးပုံဟာ အင်တာနက်သုံးသူတိုင်း မသိသူမရှိ Meme ပါပဲ။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မတ်လထဲမှာ NFTs အဖြစ် ပြောင်းထားတဲ့ ဒီ Meme ကို ရောင်းခဲ့ရာမှာ ဒေါ်လာ ၃၆၀၀၀ တန် Ethereum နဲ့ ရောင်းထွက်သွားခဲ့ပါတယ်။
(၂) Disaster Girl
အိမ်မီးလောင်မှုကို သွားကြည့်တဲ့ ဇိုးရို့တ်ဆိုတဲ့ ကလေးမလေးရဲ့ ဓါတ်ပုံဟာ အင်တာနက်ရဲ့ ကမ္ဘာကျော် Meme ဖြစ်လာခဲ့ပါတယ်။ Disaster Girl လို့ ခေါ်တဲ့ Meme ကို ပြီးခဲ့တဲ့နှစ် မေလထဲမှာ NFTs အဖြစ် လေလံတင်ရောင်းချခဲ့ရာမှာ ဒေါ်လာ ၅ သိန်းတန် Ethereum နဲ့ အရောင်းအဝယ်ဖြစ်သွားခဲ့ပါတယ်။
(၃) Success Kid
လက်သီဆုပ်ပြီး အားတင်းထားတဲ့ပုံလုပ်နေတဲ့ ကလေးငယ်လေးရဲ့ Meme ပုံကို NFTs အဖြစ် ပြောင်းပြီး လေလံတင်ခဲ့ရာမှာ 15 ETH ရခဲ့ပါတယ်။ Cryptocurrency ရဲ့ မြန်ဆန်လှတဲ့ ဈေးအတက်အကျ အပြောင်းအလဲတွေကြောင့် အခုဈေးနဲ့ဆို ဒေါ်လာ ၄ သောင်းကျော် တန်နေပြီ ဖြစ်ပါတယ်။
(၄) Doge
၂၀၁၀ ခုနှစ်မှာ ရိုက်ခဲ့တဲ့ Kabosu ဆိုတဲ့ ဂျပန်ပေါက် Shiba Inu ခွေးပုံနဲ့ နာမည်ကျော်ဟာသ Meme Doge ဟာ မထင်မှတ်ဘဲ Cryptocurrency လောကအတွက် အပြောင်းအလဲကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ Dogecoin ဆိုရင်လည်း Meme coin အနေနဲ့ ထွက်ခဲ့ရာကနေ နာမည်ကြီး Cryptocurrency တစ်ခု ဖြစ်လာခဲ့ပါတယ်။ Doge NFT ကို ပြီးခဲ့တဲ့နှစ် ဇွန်လက ဒေါ်လာ ၄ သန်းတန် Ethereum တွေနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။