ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ဟာ လီဗာပူးနဲ့ပွဲမှာ လူစားဝင်ကစားစေခဲ့တဲ့ ဟန်နီဘယ်လ်ရဲ့ စည်းကမ်းမရှိတဲ့ ကစားပုံကို စိတ်ပျက်ခဲ့ပြီး အဲ့ဒီပွဲနောက်ပိုင်း အသင်းကြီး လူစာရင်းမှာ ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားတယ်လို့ သိရှိရပါတယ်။ လီဗာပူးကို အဝေးကွင်းမှာ လေးဂိုးပြတ်နဲ့ရှုံးခဲ့တဲ့ပွဲရဲ့ ပွဲပြီးဆုံးခါနီးမှာ ဟန်နီဘယ်လ်က အီလန်ဂါနေရာ ဝင်ကစားခဲ့တာပါ။
ဟန်နီဘယ်လ်ဝင်လာတဲ့အချိန်က ပွဲပြီးဖို့ (၆) မိနစ်သာ လိုအပ်တော့တာဖြစ်ပေမယ့် ဒီအချိန်လေးအတွင်းမှာကို အသက် (၁၉) နှစ်အရွယ် ဒီကစားသမားက အဝါကတ်ထိအောင် ရည်ရွယ်ချက်ရှိရှိ ကစားခဲ့တာဖြစ်ပါတယ်။ လီဗာပူးဂိုးဧရိယာရှေ့မှာ ဘောလုံးဆုံးရှုံးသွားတဲ့နောက် ဟန်နီဘယ်လ်က ပြိုင်ဘက် လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ရည်ရွယ်ချက်ရှိရှိ လူချကစားခဲ့ပါတယ်။
ဒီကစားဟန်ကြောင့် ဟန်နီဘယ်လ်ကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပြီး လီဗာပူးနည်းပြ ကလော့ပ်ကလည်း ဟန်နီဘယ်လ်ကို ချီးကျူးခဲ့တဲ့ ဂယ်ရီနဗီးလ်ရဲ့လုပ်ရပ်ကို မနှစ်မျို့ကြောင်း ပြောကြားခဲ့ပါတယ်။ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ဟာ ဟန်နီဘယ်လ်ရဲ့ ဒီလုပ်ရပ်အပေါ် စိတ်ပျက်နေပြီး အသင်းကြီးလူစာရင်းကနေ ချန်လှပ်ခြင်းအားဖြင့် ဒဏ်ပေးထားတယ်လို့ သိရှိရပါတယ်။
ဟန်နီဘယ်လ်ဟာ လီဗာပူးနဲ့ပွဲပြီးတည်းက လက်ရှိအချိန်မှာ ယူ-၂၃ အသင်းမှာသာ လေ့ကျင့်ခန်း ဆင်းနေရပြီး အခြားသော အကယ်ဒမီထွက်နှစ်ယောက်ဖြစ်တဲ့ ဂါနာချိုနဲ့ အယ်လ်ဗာရိုဖာနန်ဒက်ဇ်တို့ကတော့ အသင်းကြီးရဲ့ အရံကစားသမားစာရင်းမှာ ပါဝင်ခွင့်ရရှိနေပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ လက်ကျန်ပွဲအဖြစ် နှစ်ပွဲသာ ကျန်ရှိပါတော့တယ်။
ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်တို့ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမယ့်ပွဲလည်းဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ လက်ရှိအနေအထားက ပြိုင်ဘက်ခြေချော်မှသာ ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်နိုင်စွမ်းရှိပြီး လက်ကျန်ပွဲတွေမှာ အမှတ်မလိုတော့တဲ့ အနေအထားပါ။ အဲ့ဒါကြောင့်လည်း ဂါနာချိုနဲ့အယ်လ်ဗာရိုဖာနန်ဒက်ဇ်တို့ နှစ်ယောက် ဒီပွဲတွေမှာ အခွင့်အရေးရလာမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။