အချိန်ဆွဲတယ်ဆိုပြီး ဘောကောက်ကို ဘောလုံးနဲ့ ပြန်ကန်ခဲ့တာပါ။

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ဟာ မနေ့ညက ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ဘောကောက်ကလေးငယ်ကို ဘောလုံးနဲ့ တည်ကန်ခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကတော့ ဒုတိယပိုင်း ပွဲကစားချိန် (၇၆) မိနစ်မှာဖြစ်ပွားခဲ့ပြီး ဘောကောက်ကလေးက အချိန်ဆွဲခဲ့တယ်လို့ မိုယက်စ်တယောက် ယူဆခဲ့တာပါ။



ပထမအကျော့ အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ရှုံးနိမ့်ထားတဲ့ ဝက်စ်ဟမ်းဟာ အခု ဒုတိယအကျော့မှာလည်း နောက်ခံလူ ခရက်စ်ဝဲလ် စောစောစီးစီး အနီကတ်ထိခဲ့တာကြောင့် ရုန်းကန်ခဲ့ရပြီး ရှုံးပွဲ ထပ်တွေ့ခဲ့ရပါတယ်။ ဖရန့်ဖတ်က ဝက်စ်ဟမ်းကို အိမ်ကွင်းမှာလည်း ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ အဲ့ဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးနဲ့ ဗိုလ်လုပွဲ တက်ခဲ့ပါတယ်။

ဖရန့်ဖတ်ဟာ ဗိုလ်လုပွဲမှာတော့ ရိန်းဂျားစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဖရန့်ဖတ်နဲ့ဝက်စ်ဟမ်းတို့ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ဒုတိယပိုင်းကတော့ ပွဲရှိန် တော်တော်လေး တက်ခဲ့ပါတယ်။ ဒါပေမယ့် ဖရန့်ဖတ်အိမ်ကွင်းက ဘောကောက်ကလေး အချိန်ဆွဲခဲ့တာကြောင့် ဝက်စ်ဟမ်းနည်းပြ မိုယက်စ်က ရုပ်ပျက်ဆင်းပျက် တုံ့ပြန်ခဲ့တာပါ။



ဒေးဗစ်မိုယက်စ်ဟာ ဘောကောက်ကလေးငယ်ဆီက ဘောလုံးကို ကောင်းကောင်းမွန်မွန် စတောင်းခဲ့ပေမယ့်လည်း တဖက်က အချိန်ဆွဲလွန်းခဲ့တာကြောင့် သူ့ဆီ ဘောလုံးပစ်ပေးလိုက်ချိန်မှာ မြေတောင်မကျဘဲ ပြန်ကန်ခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့်ပဲ မိုယက်စ်ကို ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။

ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာတော့ “ကျနော် ဘောကောက်ကောင်လေးဆီကို ဘောလုံးနဲ့ပြန်ကန်လိုက်တဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် သူက ကျနော့်ဆီ ပေးခဲ့တာ အရမ်းပျော့လွန်းပါတယ်။ အဲ့ဒီတော့ ကျနော့်အတွက် ကောင်းမွန်တဲ့ ဗော်လီကန်ချက်ဖြစ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က