ကမ်းလှမ်းမှုတွေရှိနေပေမယ့် ဆိုးလ်ရှားကတော့ ငြင်းဆန်နေဆဲပါ။

ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားဟာ အသင်းနဲ့ လမ်းခွဲပြီးတည်းက နည်းပြရာထူးအတွက် ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရှိရပါတယ်။ ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ ၄-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့နောက် ပြီးခဲ့တဲ့နိုဝင်ဘာမှာ ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ခဲ့တာပါ။



အသက် (၄၉) နှစ်အရွယ် အဆိုပါ နော်ဝေလူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ (၂၀၁၈) ဒီဇင်ဘာမှာ ယူနိုက်တက်နည်းပြဖြစ်လာခဲ့တာပါ။ သူ ရာထူးကနေ အထုတ်ခံရချိန်ထိ အသင်းတာဝန်ရှိသူတွေ၊ ကစားသမားတွေ၊ ပရိသတ်တွေနဲ့ အမုန်းတရား တစုံတရာမရှိခဲ့ပါဘူး။ ဒါ့အပြင် အသင်းဝန်ထမ်းတွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိနေဆဲဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာလည်း ခရစ္စမတ်လက်ဆောင်အဖြစ် အသင်းဝန်ထမ်းတွေကို လက်ဆောင် ပေးပို့ခဲ့ပါသေးတယ်။ ဆိုးလ်ရှားဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့အဖြစ် (၆) လ ဝန်းကျင်ရှိလာခဲ့ပေမယ့် ဒီကြားထဲမှာ သူ့ကို ကမ်းလှမ်းခဲ့တဲ့ အသင်းတွေကိုလည်း ငြင်းဆန်ခဲ့သေးတယ်လို့ သိရှိရပါတယ်။ ဆိုးလ်ရှား ယူနိုက်တက်ကနေ ထွက်သွားပြီးနောက်ပိုင်း အဲဗာတန်၊ လိဒ်စ်၊ ဝက်ဖို့ဒ်၊ ဘန်လေတို့ကလည်း နည်းပြ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

သူ့အနေနဲ့ ဘန်လေနည်းပြရာထူးအတွက် ပြီးခဲ့တဲ့လအတွင်းက ချိတ်ဆက်မှုတွေရှိခဲ့ပြီး ဆိုးလ်ရှား ဘန်လေနည်းပြဖြစ်လာနိုင်ခြေအတွက်လည်း လောင်းကြေးတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဆိုးလ်ရှားကတော့ ဒီရာထူးကို ငြင်းဆန်လိုက်ပုံရပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားကို အခြားသောလိဂ်တွေက မတူညီတဲ့အသင်းများစွာက ကမ်းလှမ်းခဲ့သေးတယ်လို့လည်း နော်ဝေအခြေစိုက် သတင်းတွေက ဖော်ပြထားပါတယ်။ ဆိုးလ်ရှားကိုယ်တိုင်ကတော့ ယူနိုက်တက်ကနေ ထွက်ခွာလာပြီးတည်းက အနားယူနေဆဲဖြစ်ပြီး ယူနိုက်တက်အမျိုးသမီးအသင်းမှာ ကစားနေတဲ့ သူ့သမီးကာနာကိုသာ လိုက်ပါ အားပေးလျက်ရှိပါတယ်။ 

Share

Loading Next Article...
က္က