X နာမည်နဲ့ အခကြေးပေးသုံးရမယ့် ဝန်ဆောင်မှုသစ်လည်း ထည့်သွင်းလာဖို့ ရှိပါတယ်

Twitter ရဲ့ ပိုင်ရှင်သစ် ဖြစ်လာတဲ့ အီလွန်မတ်စ်ဟာ လာမယ့် ၂၀၂၈ ခုနှစ်မှာ Twitter အခပေးအသုံးပြုမှုနှစ်ဆအထိ တက်လာဖို့ မျှော်မှန်းထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ Twitter ရဲ့ လစဉ်ကြေးပေး ဝန်ဆောင်မှုဖြစ်တဲ့ Twitter Blue ဝန်ဆောင်မှုဟာ စုစုပေါင်း ဒေါ်လာ ၅ ဘီလျံ ရှာပေးနိုင်ခဲ့ပြီး မတ်စ်ကတော့ ဒီဝင်ငွေကို လာမယ့် ၂၀၂၈ ခုနှစ်မှာ ဒေါ်လာ ၁၀ ဘီလျံအထိ တိုးတက်ဖို့ မျှော်လင့်ထားတာပါ။ The New York Times သတင်းအရ ရင်းနှီးမြှပ်နှံသူတွေကို မတ်စ်က ပြောရာမှာ လာမယ့် ၂၀၂၅ အရောက် Twitter Blue အခပေးသုံးသူ ၆၉ သန်းအထိ ရှိလာဖို့နဲ့ ၂၀၂၈ ခုနှစ်မှာ ၁၅၉ သန်းအထိ နှစ်ဆကျော် တိုးတက်လာဖို့ ရှိတယ်လို့ ပြောခဲ့ကြောင်း ဖော်ပြထားပါတယ်။ 





၂၀၂၁ ခုနှစ်မှာ စတင် ဖြန့်ချိခဲ့တဲ့ Twitter Blue ဝန်ဆောင်မှုဟာ တစ်လကို ၂.၉၉ ဒေါ်လာနှုန်းနဲ့ လစဉ်ကြေးပေး သုံးရတဲ့ ဝန်ဆောင်မှုဖြစ်ပြီး ရေးထားတဲ့ Tweet ကို မပို့ခင် တစ်မိနစ်လောက် Preview ကြိုကြည့်နိုင်မယ့်စနစ် ၊ ကြော်ငြာထည့်မထားတဲ့ ဆောင်းပါးတွေ နဲ့ ထိပ်တန်းရောက် ဆောင်းပါးတွေအကြောင်း ဖော်ပြမယ့်လုပ်ဆောင်ချက်အပြင် စိတ်ကြိုက် Customize လုပ်နိုင်အောင်ပါ ပံ့ပိုးထားပါတယ်။ မတ်စ်အနေနဲ့ ကြော်ငြာထည့်ပြီး ဝင်ငွေရှာတဲ့အပိုင်းကို လျှော့ချပြီး Twitter Blue ဝန်ဆောင်မှုကို လူပိုသုံးလာအောင် ကြိုးစားသွားမှာပါ။ 

မတ်စ်ရဲ့ လက်ထက်မှာ ကြော်ငြာကနေ ရတဲ့ဝင်ငွေဟာ စုစုပေါင်း ဝင်ငွေရဲ့ ၄၅% အထိ လျှော့ချသွားမယ်လို့ New York Times က ဖော်ပြပါတယ်။ Twitter ဟာ ၂၀၂၀ ပြည့်နှစ်မှာ ဝင်ငွေစုစုပေါင်းရဲ့ ၉၀% ခန့်ကို ကြော်ငြာကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၈ ခုနှစ်အရောက်မှာ Twitter ကုမ္ပဏီဟာ ကြော်ငြာကဏ္ဍကနေ ဝင်ငွေ ဒေါ်လာ ၁၂ ဘီလျံနဲ့ Subscriptions စာရင်းသွင်းမှုကနေ ဒေါ်လာ ၁၀ ဘီလျံနီးပါး ဝင်ရောက်ဖို့ ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။ 

Twitter Blue အပြင် လောလောဆယ် X လို့ နာမည်ပေးထားတဲ့ နာမည်မသိရသေးတဲ့ Subscription Service တစ်ခု စတင်ဖို့လည်း မတ်စ်မှာ အကြံအစည်ရှိနေပါတယ်။ X စာရင်းသွင်း ဝန်ဆောင်မှုဟာ ၂၀၂၃ ခုနှစ်မှာ သုံးစွဲသူ ၉ သန်း နဲ့ ၂၀၂၈ ခုနှစ်မှာ ၁၀၄ သန်းအထိ မြင့်တက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကပဲ မတ်စ်ဟာ အစိုးရနဲ့ ကော်ပိုရေးရှင်း လုပ်ငန်းကြီးတွေကို Twitter အသုံးပြုခံ ကောက်ခံသွားဖို့ ရှိကြောင်း ပြောထားပါတယ်။ 



မတ်စ်အနေနဲ့ ကုမ္ပဏီပလက်ဖောင်းပေါ်က တစ်ရက်တစ်ရက် သန်းနဲ့ချီတဲ့ Tweets တွေကို ကုမ္ပဏီလုပ်ငန်းတွေနဲ့ စားသုံးသူအမူအကျင့်သိရဖို့ ဒေတာခွဲခြားလေ့လာချင်တဲ့ Developers တွေ ပြန်အသုံးချခွင့်အတွက် ဒေတာလိုင်စင်ကြေးနဲ့ တစ်ဆင့် ရောင်းချမှုကနေလည်း ဝင်ငွေရရှိလာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလိုမျိုး Data Licensing ဝင်ငွေကနေ ရနိုင်မယ့် ဝင်ငွေပမာဏကိုတော့ မတ်စ်က ဖော်ပြခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့နှစ်ထဲမှာ Twitter ဟာ Data Licensing ကြေးနဲ့ တခြားဝင်ငွေတွေကနေ ဒေါ်လာ ၅၇၂ သန်း ရခဲ့တာပါ။ မတ်စ်အနေနဲ့ ဒီစီးပွားရေးကို တိုးချဲ့ဖို့ အစီအစဉ်ရှိမရှိ လောလောဆယ် မသိရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က