ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ခ်ဟာ လာမယ့်နွေရာသီမှာ ယူနိုက်တက် ကစားသမားတွေရဲ့ အားလပ်ရက်ကို နှစ်ပတ်တိတိ လျှော့ချသွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ ရာသီကြိုပြင်ဆင်မှုအဖြစ် ကစားသမားတွေကို ဇွန် (၂၀) မှာ နောက်ဆုံးထားသတင်းပို့ခိုင်းမယ်လို့ သိရပါတယ်။
ဒါဟာ ယူနိုက်တက်ကစားသမားတွေအတွက် ပုံမှန်ရရှိမယ့် အားလပ်ရက်ထက် အများကြီး လျော့နည်းသွားမှာဖြစ်ပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ သူ့ရဲ့ Pressing ကစားဟန်ကို လိုက်ပါနိုင်ဖို့အတွက် ကစားသမားတွေအနေနဲ့ အပိုလေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်ထားပါတယ်။ အဲရစ်တန်ဟက်ခ်အနေနဲ့ ယူနိုက်တက်ရဲ့ နောက်ပိုင်းပွဲစဥ်တွေကို ကြည့်ပြီးတဲ့နောက် ဒီလိုဆုံးဖြတ်ထားတာပါ။
ပုံမှန်အားဖြင့်တော့ ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်ကို ဇူလိုင် (၄) မှာ စတင်မှာဖြစ်ပြီး ဒါဟာ ပရီးမီးယားလိဂ်ရာသီသစ်မစခင် တလအလိုလည်းဖြစ်ပါတယ်။ The Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ အဲရစ်တန်ဟက်ခ်ကို ရာသီကြိုလေ့ကျင့်ခန်းတွေ စောစောပြုလုပ်ဖို့အတွက် ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီတပတ်အတွင်းမှာပဲ ယူနိုက်တက်ကစားသမားတွေနဲ့ Zoom ကတဆင့် တွေ့ဆုံသွားမှာဖြစ်ပြီး အနာဂတ်အစီအစဥ်တွေကို အသိပေးသွားမှာပါ။ လက်ရှိနည်းပြ ရန်းနစ်ဂ်ကတော့ ယူနိုက်တက်ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအပိုင်းကို မစ်ဒယ်ဘရော့၊ ဘန်လေ၊ အက်စတွန်ဗီလာတို့နဲ့ပွဲတွေအပြီးမှာ လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။
ဒါ့အပြင် ဆောက်သမ်တန်နည်းပြ ဟက်ဆန်ဟက်တဲလ်ကလည်း အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့တဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီး ယူနိုက်တက်ကစားသမားတွေရဲ့ လုပ်အားနှုန်း နည်းပါးမှုနဲ့ပတ်သက်လို့ ဝေဖန်သွားခဲ့ပါသေးတယ်။
ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီရာသီအစောပိုင်းမှာ အသင်းကို ပြန်ရောက်လာပြီးနောက် အသင်းရဲ့လေ့ကျင့်ခန်းအစီအစဥ်တွေပြီးချိန်မှာ အပိုလေ့ကျင့်ခန်းပြုလုပ်တဲ့ ကစားသမားမရှိတာကို သူ့အနေနဲ့ အံ့အားသင့်ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။