Coinbase ကုမ္ပဏီရဲ့ စတော့ရှယ်ယာတန်ဖိုး ၂၃% ကျော် ကျဆင်းနေပါတယ်

Crypto Wallet ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Coinbase အနေနဲ့ ကုမ္ပဏီဒေဝါလီခံရမယ်ဆိုရင် သုံးစွဲသူတွေ အပ်ထားတဲ့ Crypto တွေကို ကုမ္ပဏီပိုင်အဖြစ် သိမ်းသွားမယ်လို့ အသိပေးလိုက်ပါတယ်။ 

ကုမ္ပဏီရဲ့ သုံးလပတ်ငွေစာရင်းရှင်းတမ်းအရ Coinbase ကုမ္ပဏီဟာ လစဉ် သုံးစွဲသူ ၁၉% အထိ အံ့အားသင့်ဖွယ်ရာ ထိုးကျသွားခဲ့တယ်လို့ Bloomberg သတင်းက ဖော်ပြပါတယ်။ ကမ္ဘာ့အကြီးဆုံး Cryptocurrency Exchange လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Coinbase အနေနဲ့ တရားဝင်ငွေကြေးနဲ့ Cryptocurrency ဒေါ်လာ ၂၅၆ ဘီလျံဖိုး ကိုင်ထားတယ်လို့ ဆိုပါတယ်။ 





ဒါပေမယ့်လည်း ကုမ္ပဏီစီးပွားပျက်လို့ ဒေဝါလီခံရမယ်ဆိုရင် အသုံးပြုသူတွေဟာ သူတို့ရဲ့ Crypto တွေ ဆုံးရှုံးနိုင်တယ်လို့ ဆိုပါတယ်။ "ဥပဒေအရ ဒေဝါလီခံလို့ ပိုင်ဆိုင်တဲ့ ပစ္စည်းသိမ်းမယ်ဆိုရင် ဖောက်သည်တွေ ကိုယ်စား ကျွန်တော်တို့ဆီမှာ ထားထားတဲ့ Crypto Assets တွေလည်း ဒေဝါလီခံရာမှာ ထည့်သွင်း အသိမ်းခံရမှာ ဖြစ်ပါတယ်။ ဒီလို ဖောက်သည်တွေကို ကျွန်တော်တို့ရဲ့ အထွေထွေ စိတ်မချရတဲ့ မြီရှင်တွေအဖြစ် ဆက်ဆံရမှာပါ။" လို့ ကုမ္ပဏီက ပြောပါတယ်။ 

တစ်နည်းအားဖြင့် ကုမ္ပဏီဒေဝါလီခံရချိန်မှာ လာအပ်ထားတဲ့ Crypto တွေလည်း ကုမ္ပဏီပိုင်အဖြစ် အသိမ်းခံရမှာပါ။ ရိုးရိုးဘဏ်တွေမှာ ဘဏ်ဒေဝါလီခံရမယ်ဆိုရင် အကောင့်တစ်ခုကို ဒေါ်လာ ၂ သိန်းခွဲအထိ Federal Deposit Insurance Corp က ပြန်ထုတ်ပေးနိုင်ပေမယ့် Crypto လောကကတော့ ဗဟိုထိန်းချုပ်မှုမပါတဲ့ Decentralized စနစ်နဲ့ သွားတာ ဖြစ်ပါတယ်။ Crypto ရင်းနှီးမြှပ်နှံသူတွေဟာ သူတို့ရဲ့ Cryptocurrency တွေကို Personal Wallet တွေမှာ သိမ်းတာ ရှိသလို Coinbase လို ပလက်ဖောင်းတွေပေါ်က Coinbase Wallet လိုမျိုးမှာလည်း သိမ်းလေ့ရှိပါတယ်။ 



Coinbase ကုမ္ပဏီရဲ့ စတော့ရှယ်ယာတန်ဖိုး ၂၃% ကျော် ကျဆင်းသွားပေမယ့် ကုမ္ပဏီအနေနဲ့ လောလောဆယ် ဒေဝါလီခံစရာအကြောင်း မရှိဘူးလို့ ကုမ္ပဏီတည်ထောင်သူ ဘရိုင်ယန် အမ်းစထရောင်းက ဆိုပါတယ်။ အမ်းစထရောင်းရဲ့ ချမ်းသာမှုဟာဒေါ်လာ ၁၃.၇ ဘီလျံကနေ ဒီတစ်ပတ်အတွင်း ဒေါ်လာ ၂.၂ ဘီလျံအထိ လျော့ကျသွားခဲ့တယ်လို့ Bloomberg Billionaire Index က ဖော်ပြပါတယ်။ Cryptocurrency ဈေးကွက် ယိမ်းယိုင်လာမှုနဲ့အတူ Crypto ရင်းနှီးမြှပ်နှံသူတွေဟာ ဒေါ်လာဘီလျံနဲ့ချီ ဆုံးရှုံးလာနေပြီး ဈေးကွက်ထိုးကျမှုနဲ့ ကြုံတွေ့နေရပါတယ်။ 

ပြိုင်ဘက် Crypto Exchange တစ်ခုဖြစ်တဲ့ Binance ရဲ့ အမှုဆောင်အရာရှိချုပ် ရှောင်ပင် ဇောင်လည်း ဇန်နဝါရီလက ဒေါ်လာ ၉၆ ဘီလျံ ချမ်းသာရာကနေ ဗုဒ္ဓဟူးနေ့မှာ ဒေါ်လာ ၁၁.၆ ဘီလျံအထိ ထိုးကျသွားခဲ့တယ်လို့ Bloomberg က ဖော်ပြပါတယ်။ ကြာသာပတေးနေ့က Bitcoin ဈေး ဒေါ်လာ ၂၆၀၀၀ အောက်အထိ အဆိုးဆုံး ကျဆင်းပြီးနောက် Crypto Market တစ်ခုလုံးဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ဘီလျံ ၂၀၀ အထိ ဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က