ကမ္ဘာ့အပါးလွှာဆုံး 120W Charging စမတ်ဖုန်းလည်း ဖြစ်သလို ဈေးနှုန်းအားဖြင့်လည်း ဆွဲဆောင်မှုရှိတဲ့ဖုန်းတစ်လုံး Infinix က ကြေညာလိုက်ပါတယ်။
Infinix ဖုန်းအမှတ်တံဆိပ်ထဲမှာ Infinix 12 VIP ဟာ ကမ္ဘာ့အမြန်ဆုံးတန်းဝင် 120W Charging နဲ့ 108MP ရုပ်ထွက်မြင့်ကင်မရာသုံး ပထမဆုံးအဖြစ် ထွက်လာတာပါ။ ဒီနေ့ခေတ် Flagship နဲ့ Upper Mid-Range မော်ဒယ်တွေမှာ တွေ့ရတဲ့ Features တွေ ထည့်သွင်းထားပြီး ဈေးနှုန်းအားဖြင့်လည်း စိတ်လှုပ်ရှားစရာနှုန်းထား သတ်မှတ်လာတာ ဖြစ်ပါတယ်။
7.9mm ထုရှိတဲ့ Infinix Note 12 VIP ဟာ လေးထောင့်စပ်စပ် Flat-Edged ဘော်ဒီဖရိမ် ၊ မှန်ပြင်အလယ် အပေါ်ကင်မရာပေါက် နဲ့ VIP တံဆိပ်ပါ ကျောဘက်အလျားလိုက်ကင်မရာ Bump အပြည့်နဲ့ ထွက်ထားတာပါ။ မျက်နှာပြင်ဆိုဒ် ၆.၇ လက်မ AMOLED FHD+ Display သုံးထားပြီး 120Hz Refresh Rate ၊ 360Hz Touch Sampling Rate ၊ 10-Bit Panel နဲ့ 100% DCI-P3 coverage လည်း ပါဝင်ပါတယ်။
Display အပြင် နောက်ထပ်ဆွဲဆောင်မှုရှိတဲ့ feature တစ်ခုက ကျောဘက်ကင်မရာစနစ်အဆင့်မြှင့်တင်မှုပဲ ဖြစ်ပါတယ်။ VIP ဗားရှင်းဟာ ကျောဘက် Main Camera အဖြစ် 108MP Cinemagic Camera ၊ 13MP Ultra-Wide Lens နဲ့ 2MP Depth Lens တစ်ခုအပြင် Laser Detection Auto Focus စနစ်လည်း ထည့်သွင်းထားပါတယ်။ ရှေ့ဘက် 16MP Selfie ကင်မရာပါပြီး ဇီဝလုံခြုံရေးအတွက် လက်ဗွေကို ဘေးဘောင်ပါဝါခလုတ်ထဲမှာ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။
Infinix Note 12 VIP မှာ နောက်ထပ် Key Feature တစ်ခုက 120W Charging Support ပေးထားတဲ့ 4500mAh ဘက်ထရီနဲ့ လာတာ ဖြစ်ပါတယ်။ 120W Hyper Charge အမြန်အားသွင်းနည်းပညာကြောင့် 4500mAh ဘက်ထရီကို ၁၇ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။ ဘက်ထရီအားသွင်းစနစ် လုံခြုံရေးအတွက် ဖုန်းနဲ့ Charger ထဲမှာ ကာကွယ်ရေး features ၁၃၀ နဲ့ ထိန်းညှိထားပြီး Charge Cycles ၈၀၀ ပြည့်ပြီးချိန်မှာ ဘက်ထရီစွမ်းရည် ၈၅% အထိ ထိန်းထားနိုင်မယ်လို့ ကြေညာပါတယ်။ ဖုန်းအတွင်း အပူသက်သာမှု မြင့်ဖို့ ၉ လွှာပါ Graphene ပြား နဲ့ Vapor Chamber တို့ အုပ်ထားတယ်လို့ ဆိုပါတယ်။
တခြား features တွေ အနေနဲ့ MediaTek MT6781 Helio G96 Processor ၊ RAM 8/128GB Storage ပါပြီး memory ထပ်မြှင့်ဖို့ microSD Slot တစ်ခု ပါရှိတဲ့အပြင် Virtual RAM 5GB နဲ့ဆို RAM 13GB အထိ တိုးနိုင်မှာပါ။ DTS နည်းပညာပါ Dual Speakers ၊ Haptic Feedback ထိတွေ့ခံစားမှုအတွက် Dual X-Axis Linear Motors တို့လည်း ပါရှိပါတယ်။ Android 12 အခြေခံ XOS 10.6 ဆော့ဖ်ဝဲလ်သုံး Infinix Note 12 VIP ကို ဖိလစ်ပိုင် ၊ နိုင်ဂျီးရီးယား ၊ ပါကစ္စတန် အပါအဝင် ဈေးကွက်တွေမှာ ဒေါ်လာ ၃၀၀ ခန့် ( မြန်မာငွေ ၅ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။