အကောင့်တုပြဿာနာကြောင့် ဝယ်ဖို့ကိစ္စဆိုင်းထားတဲ့ အီလွန်မတ်စ်ဟာ အခုတစ်ခါမှာ Twitter ရောင်းဈေးကို ပြန်ညှိဖို့ စကားဦးသန်းလာပြီ ဖြစ်ပါတယ်။
ကုမ္ပဏီရောင်းဈေး လျှော့ပေးရေးကိစ္စဟာ ဘောင်အပြင်က မေးခွန်းမဟုတ်ဘူးလို့ အီလွန်မတ်စ်က ပြောလိုက်ပြီးနောက် Twitter ကုမ္ပဏီအတွက် ရောင်းဈေးကို ပြန်ညှိဖို့ မတ်စ်က စကားစလာတယ်လို့ Bloomberg သတင်းက တနင်္လာနေ့မှာ ဖော်ပြပါတယ်။
ရင်းနှီးမြှပ်နှံသူတွေဖြစ်တဲ့ Chamath Palihapitiya ၊ Jason Calacanis ၊ David Sacks နဲ့ David Friedberge တို့ ဆွေးနွေးကြတဲ့ မိုင်ယာမီကမ်းခြေက All-In နည်းပညာကွန်ဖရင့်မှာ မတ်စ်က အခုလို မှတ်ချက်ပေးလာတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ သောကြာနေ့မှာ Twitter ပလက်ဖောင်းပေါ်က Spam နဲ့ Fake အကောင့်ပမာဏအကြောင်း ထုတ်ပြန်တဲ့ Twitter ရဲ့ အချက်အလက်နဲ့ တွက်ချက်မှုအပေါ် အီလွန်မတ်စ်က မေးခွန်းထုတ်ခဲ့ပြီး ကုမ္ပဏီဝယ်ဖို့ ကိစ္စလည်း ယာယီဆိုင်းငံ့သွားမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။
Twitter ပလက်ဖောင်းကို နေ့စဉ်သုံးစွဲသူ ၂၂၆ သန်းထဲမှာ အကောင့်တုအရေအတွက်ဟာ ၅% အောက်ပဲ ရှိတယ်ဆိုတဲ့ တွက်ချက်မှုကို မတ်စ်က သံသယရှိနေတာ ဖြစ်ပါတယ်။ တနင်္လာနေ့က အီလွန်မတ်စ်ရဲ့မှတ်ချက်ထဲမှာ Twitter သုံးစွဲသူအရေအတွက်ရဲ့ အနည်းဆုံး ၂၀% ဟာ အကောင့်တု Fake Users တွေ ဖြစ်မယ်လို့ ခန့်မှန်းတွက်ချက်ထားတယ်လို့ ဖော်ပြထားပါတယ်။
Twitter ကို ဒေါ်လာ ၄၄ ဘီလျံ နဲ့ ဝယ်မယ့်ကိစ္စကို အီလွန်မတ်စ် ရပ်ဆိုင်းမှာ ရင်းနှီးမြှပ်နှံသူတွေ စိုးရိမ်လာကြရာကနေ လူမှုကွန်ရက်ကုမ္ပဏီရဲ့ ရှယ်ယာဈေးဟာ တနင်္လာနေ့မှာ ၈.၂% အထိ ထိုးကျသွားခဲ့တယ်လို့ Bloomberg က ဖော်ပြပါတယ်။ မတ်စ်ဟာ Twitter ရှယ်ယာတစ်စု ၅၄.၂၀ ဒေါ်လာနှုန်းနဲ့ ဝယ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် နောက်ပိုင်းမှာ ကုမ္ပဏီဝယ်ဖို့ ကိစ္စအပေါ် ယာယီရပ်ဆိုင်း စောင့်ကြည့်သွားမယ်ဆိုပြီး ပြောထားပါတယ်။
တကယ်လို့ အီလွန်မတ်စ်အနေနဲ့ ကုမ္ပဏီကို သဘောတူညီချက်အတိုင်း မဝယ်ဖြစ်ရင်တော့ စာချုပ်ဖျက်သိမ်းခ ဒေါ်လာ ၁ ဘီလျံ ပေးရဖို့ ရှိပါတယ်။ လောလောဆယ် Twitter ကို ဝယ်ဖို့ Tesla ကားကုမ္ပဏီက မတ်စ်ရဲ့ ရှယ်ယာတွေ ထုတ်ရောင်းခဲ့တာကြောင့် ရှယ်ယာဈေးဟာ ၃၀% နီးပါးအထိ ထိုးကျသွားခဲ့ပါတယ်။ အီလွန်မတ်စ် စိတ်ပြောင်းပြီး အရောင်းအဝယ်ပျက်ရင်တော့ နှစ်ဖက်စလုံး အထိနာဖို့ပဲ ရှိပါတယ်။