အရင်တုန်းက ဒီမိုကရက်တွေအတွက် မဲပေးခဲ့ပေမယ့် လာမယ့် ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလစ်ကန်တွေကိုပဲ မဲပေးတော့မယ်လို့ အီလွန်မတ်စ်က ပြောလိုက်ပါတယ်။
ရီပတ်ဘလစ်ကန်တွေကို မဲထည့်မယ်ဆိုတဲ့ အကြောင်းကို မတ်စ်ဟာ ဒီတစ်ပတ်ထဲမှာကို နှစ်ကြိမ် ပြောခဲ့တာ ဖြစ်ပါတယ်။ "ကျွန်တော် သူတို့ (ဒီမိုကရက်တွေ) ကို မထောက်ခံတော့ပါဘူး။ ရီပတ်ဘလစ်ကန်တွေကိုပဲ မဲပေးမှာပါ။ အခု ကျွန်တော့်ကို ဆန့်ကျင်ဖို့ သူတို့ရဲ့ ညစ်ပတ်တဲ့ လှည့်ကွက်တွေ လာတော့မယ် ကြည့်နေလိုက်" လို့ မေလ ၁၉ ရက်နေ့က Tweet တင်ခဲ့ပါတယ်။
"အရင်တုန်းက ကျွန်တော် ဒီမိုကရက်ကို မဲထည့်ခဲ့တယ်။ အကြောင်းက သူတို့အများစုက ကြင်နာမှုရှိတဲ့ ပါတီဖြစ်လို့ပါ။ ဒါပေမယ့် အခု သူတို့ဟာ သွေးခွဲမှုနဲ့ အမုန်းတရားရဲ့ ပါတီဖြစ်လာနေပါတယ်။"လို့လည်း Tweet မှာ ရေးသားခဲ့ပါတယ်။
မတ်စ်ဟာ မိုင်ယာမီမှာ ကျင်းပတဲ့ All In Summit မှာလည်း "ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ရီပတ်ဘလစ်ကန်လည်း မဟုတ်သလို ဒီမိုကရက်လည်း မဟုတ် ကြားနေသမားအဖြစ် သတ်မှတ်ထားတာပါ။ တကယ်တော့ အရင့်အရင်က ကျွန်တော်ဟာ ဒီမိုကရက်တွေအတွက် အားတက်သရော မဲပေးခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်တွေအတွက်တော့ မဲပေးခဲ့တာမျိုး မရှိပါဘူး။ ဒါပေမယ့် အခုရွေးကောက်ပွဲမှာတော့ ရီပတ်ဘလစ်ကန်တွေကို ပေးမှာပါ" လို့ ပြောခဲ့ပါတယ်။
Twitter ကို အီလွန်မတ်စ်ဝယ်ရာမှာ ရံပုံငွေကူရှာပေးတဲ့ Jason Calacanis ရဲ့ podcast ထဲမှာ "ဒီမိုကရက်တစ်ပါတီကို သမဂ္ဂတွေ တရားရေးရှေ့နေတွေ (အထူးသဖြင့်) နစ်နာသူတွေကိုယ်စား တိုင်ကြားတဲ့အမှုလိုက်ရှေ့နေမျိုးတွေက အလွန်အကျွံ ထိန်းချုပ်ထားကြတယ်" လို့ အီလွန်မတ်စ်ပြောကြောင်း ဖော်ပြထားပါတယ်။
လူမှုကွန်ရက်ပလက်ဖောင်းပေါ်မှာလည်း မတ်စ်ဟာ သမ္မတဘိုင်ဒင် ၊ အထက်လွှတ်တော်အမတ် အဲလီဇဘတ်ဝါရင် ၊ ရွန် ဝိုင်ဒန် နဲ့ အမတ် အလက်ဇန်ဒရီးယား အိုကာဆီယို ကော်တက်ဇ်အပါအဝင် ရွေးကောက်ခံဒီမိုကရက်တွေကို ဝေဖန်လှောင်ပြောင်တာတွေ လုပ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က သူတင်ခဲ့တဲ့ Tweet တစ်ခုမှာ လူတိုင်း ဒရာမာသိပ်မလိုချင်တော့လို့ ဘိုင်ဒင်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့တာ ဆိုပြီး ရေးခဲ့သလို မတ်လထဲမှာလည်း လျှပ်စစ်ယာဉ်ကဏ္ဍအတွင်း Ford နဲ့ GM တို့ရဲ့ အောင်မြင်မှုတွေကို ရေးထားတဲ့ သမ္မတဘိုင်ဒင်ရဲ့ Tweet အောက်မှာ Tesla ရဲ့ EV ကဏ္ဍဖွံ့ဖြိုးရေးအတွက် ပါဝင်မှုအကြောင်း Retweet တင်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း မတ်စ်ဟာ လက်ယာယိမ်း ရီပတ်ဘလစ်ကန်အမတ်တွေ ဖြစ်တဲ့ လော်ရန် ဘိုးဘာ့ ၊ စတီဗင် ကရိုဒါ ၊ ဒင်းနစ်ချ် ဒီဆောဇာတို့လို ပုဂ္ဂိုလ်တွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်ပါတီဝင်တစ်ဦး ဖြစ်တဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ပိတ်ခံထားရတဲ့ Twitter အကောင့်တောင် ပြန်ဖွင့်ပေးမယ်ဆိုတာမျိုး ပြောခဲ့တာတွေ ရှိပါတယ်။ Twitter ဟာ၂၀၂၁ ဇန်နဝါရီလက ဖြစ်ပွားခဲ့တဲ့ US Capitol ကို ထရမ့်ထောက်ခံသူတွေ ဝင်ရောက်ဆူပူသောင်းကျန်းသွားတဲ့ ကိစ္စနဲ့ သမ္မတဟောင်းကို Twitter ပေါ်ကနေ အပြီးတိုင် ပိတ်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးအနေနဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေကို မဲပေးမယ်ဆိုတဲ့ စကားဟာ ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲလား ၊ ဒါမှမဟုတ် ဒီနှစ် နိုဝင်ဘာကြားဖြတ်ရွေးကောက်ပွဲကို ရည်ညွှန်းတာလားတော့ ပြောသွားခြင်း မရှိပါဘူး။