ယူနိုက်တက်ရဲ့ လက်ရှိယာယီနည်းပြ ရန်းနစ်ဂ်က ရော်နယ်ဒိုဟာ Pressing ကစားတဲ့နေရာမှာ မွန်းစတားလိုမျိုး မဟုတ်တဲ့အကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ရန်းနစ်ဂ်ဟာ ဒီကနေ့ညမှာ ယူနိုက်တက်နည်းပြဘဝ နောက်ဆုံးပွဲကို ကိုင်တွယ်ရမှာပါ။
ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ် ရာသီသိမ်းပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ အဲရစ်တန်ဟက်ခ်က အသင်းကို ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် တန်ဟက်ခ်က ဒီကနေ့ည ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ယူနိုက်တက်ပွဲကို လာရောက်ကြည့်ရှုဦးမှာပါ။
အဲရစ်တန်ဟက်ခ်က ရော်နယ်ဒိုနဲ့ပတ်သက်လို့ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး ရော်နယ်ဒိုကလည်း တန်ဟက်ခ်လက်အောက်မှာ ကစားဖို့ ဆန္ဒပြင်းပြနေပါတယ်။ ဒါပေမယ့် ဒီလိုအချိန်မျိုးမှာ ရန်းနစ်ဂ်က ရော်နယ်ဒိုအနေနဲ့ တန်ဟက်ခ်ရဲ့ ကစားကွက်မှာ အံမဝင်နိုင်တဲ့အကြောင်း သွယ်ဝိုက်ပြောကြားခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမတိုင်ခင်မှာ ရန်းနစ်ဂ်က “ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်က စိတ်အပျက်ရဆုံးပါပဲ။ ကျနော်တို့က တိုက်စစ်ကို ပိုပြီးဖိအားပေးဖို့ လိုအပ်နေချိန်၊ ကျနော်တို့ရဲ့ ကစားသမားတွေကို ဒီလိုနေရာမျိုးရောက်အောင် ဘယ်လိုမျိုး ထားရမလဲ? ရော်နယ်ဒိုက ဂိုးတွေသွင်းနိုင်ခဲ့တာ ဟုတ်ပါတယ်”
“ကျနော် အခု ရော်နယ်ဒိုကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ သူ တချို့ပွဲတွေမှာ အကောင်းဆုံး စွမ်းဆောင်ပြခဲ့ပါတယ်။ ဒါပေမယ့် သူက Pressing ကစားတဲ့နေရာမှာ တကယ့်မွန်းစတားကြီးတယောက်လိုမျိုး မဟုတ်ပါဘူး။ သူ့အသက်ကလည်း မငယ်တော့ပါဘူး”
“နောက်ပြီး ‘ကိုယ့်လူတို့... အခြားအသင်းက ဘောလုံးရနေပြီ၊ ငါတို့က ဘယ်နေရာမှာ ဘောလုံးပြန်လုနိုင်မလဲ’ ဆိုပြီး အော်ဟစ်ပြောဆိုနေတဲ့လူမျိုးလည်း မဟုတ်ပါဘူး။ တချို့ ကစားသမားတွေဆိုလည်း အတူတူပါပဲ။ ဒီတော့ ကျနော်တို့ ဒါကို အပြောင်းအလဲလုပ်ရမှာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အများကြီး လုပ်ရမှာပါ”
“ဒါပေမယ့် ကျနော်ပြောခဲ့သလိုပါပဲ။ ကျနော်တို့က ဘောလုံးရတဲ့အချိန်နဲ့ဘောလုံးမရှိတဲ့အချိန်ကြားထဲမှာ ဘယ်လိုမှကို မှန်ကန်တဲ့ဟန်ချက်တခုကို ဘယ်တော့မှ မရှာဖွေနိုင်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ တန်ဟက်ခ်ကတော့ သူ့အသင်းမှာ ကစားသမားတွေ အံဝင်ဖို့အတွက် ရာသီကြိုလေ့ကျင့်ခန်း အစီအစဥ်တွေကို စောစောစီးစီးစတင်မှာဖြစ်ပြီး အပြောင်းအရွှေ့ကိစ္စရပ်တွေကိုလည်း စောစောစီးစီး ပိတ်သိမ်းမယ်လို့ သိရပါတယ်။