သတင်းစာရှင်းလင်းပွဲမှာ တန်ဟက်ခ်က ပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က သူ့အနေနဲ့ စုစည်းမှုရှိပြီး ဖျော်ဖြေမှုအပြည့်ပေးနိုင်တဲ့ အသင်းတသင်းကို ယူနိုက်တက်မှာ တည်ဆောက်သွားမယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲရစ်တန်ဟက်ခ်နဲ့အတူ လက်ထောက်နည်းပြတွေအဖြစ် ဗန်ဒီဂါတ်နဲ့မက္ကလာရင်တို့ ဆောင်ရွက်မယ့်အကြောင်းကိုလည်း ဒီကနေ့မှာပဲ တရားဝင်အတည်ပြုခဲ့ပါတယ်။



အဲရစ်တန်ဟက်ခ်ဟာ မနေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်က ယူနိုက်တက်ကို ၁-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲကိုလည်း ကွင်းအတွင်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီကနေ့မှာတော့ အဲရစ်တန်ဟက်ခ်က ယူနိုက်တက်နည်းပြအဖြစ် တရားဝင် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။

ဒီနေရာမှာ အဲရစ်တန်ဟက်ခ်က “လက်ရှိအနေအထားကတော့ လုံးဝကို မကောင်းပါဘူး။ တကယ်ကို ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ ဒါပေမယ့် ကျနော်ကတော့ တယောက်ချင်းစီအတွက် တိုက်ပွဲဝင်မယ့် အသင်းတသင်းကို တည်ဆောက်ချင်ပါတယ်။ ဒီကစားသမားတွေက စုစည်းမှုလည်းရှိရမယ်၊ ရလဒ်လည်းထွက်ရပါမယ်”

“ကျနော်တို့က ‘အိပ်မက်ပြဇာတ်ရုံ’ ထဲမှာ ကစားနေရမှာဆိုတော့ ဖျော်ဖြေမှုအပြည့်အဝလည်း ပေးရမှာပါ။ နောက်ဆုံးမှာတော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က သိပ်ကိုကောင်းမွန်တဲ့ ကစားပုံကို ပြသဖို့ပါပဲ။ တကယ်လို့ ပုံစံကောင်းမပြနိုင်သည့်တိုင် ကျနော်တို့ အနိုင်ရဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ပတ်သက်လို့လည်း တန်ဟက်ခ်က အခုလိုပဲ ပြောကြားခဲ့ပါသေးတယ်။

တန်ဟက်ခ်က “ဒါက လုပ်ငန်းစဥ်တခုဖြစ်ပြီး အချိန်တော့ ယူရမှာပါ။ ဒါပေမယ့် ကျနော်တို့ အောင်မြင်မှုတွေရနိုင်တဲ့ အနေအထားတရပ်အထိ ရောက်လာမယ်လို့ ယုံကြည်ပါတယ်။ မှန်ကန်တဲ့ အယူအဆနဲ့ နည်းဗျူဟာတွေပေါ်မှာ အခြေခံပြီး ကျနော်တို့ အလုပ်ကြိုးစားရမှာပါ။ ယူနိုက်တက်ရဲ့ ကစားဟန်၊ ယူနိုက်တက်ရဲ့ ဝိသေသ၊ ယူနိုက်တက်ရဲ့ အတွေးအခေါ်တွေကို အသက်သွင်းရပါမယ်”

“ဒါက Attacking Football ဖြစ်မှာပါ။ ကျနော်တို့ရဲ့ တည်ဆောက်ပုံတွေကို ယူဆောင်လာပြီး ဒီကစားဟန်ထဲမှာ ပေါင်းထည့်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ လာမယ့် ဇွန် (၂၇) မှာတင် ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းကို ပြန်လည်စတင်ဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က