ယူနိုက်တက်နည်းပြအဖြစ် ဒီကနေ့မှာ အဲရစ်တန်ဟက်ခ်က တရားဝင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်လျက်ရှိပါတယ်။ ဒီနည်းပြကြီးဟာ စောစောစီးစီးပဲ ယူနိုက်တက်ကို ကိုင်တွယ်မှာဖြစ်ပြီး ပြင်ဆင်စရာတွေများတယ်လို့လည်း ပြောကြားထားပါတယ်။
အဲရစ်တန်ဟက်ခ်နဲ့ပတ်သက်လို့ ပရိသတ်တွေ စိတ်အဝင်စားဆုံး အကြောင်းအရာကတော့ ရော်နယ်ဒို ယူနိုက်တက်မှာ ဆက်ရှိ၊ မရှိဆိုတာပါပဲ။ အဲရစ်တန်ဟက်ခ်လက်အောက်မှာ ကစားဖို့ ရော်နယ်ဒိုက စိတ်လှုပ်ရှားနေတယ်လို့ ပြောကြားထားသလို အဲရစ်တန်ဟက်ခ်ကိုယ်တိုင်ကလည်း ရော်နယ်ဒိုကို ချီးကျူးထားပါတယ်။
ဒါပေမယ့် အခု ဒီကနေ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အဲရစ်တန်ဟက်ခ်တယောက် ရော်နယ်ဒိုရဲ့ ယူနိုက်တက် ကစားသမားဘဝ အနာဂတ်နဲ့ ပတ်သက်လို့ မတင်မကျ ပြောကြားသွားခဲ့ပါတယ်။ သတင်းထောက်က “ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်မှာ ဆက်ရှိနေမလား” လို့ မေးမြန်းခဲ့ပါတယ်။
အဲရစ်တန်ဟက်ခ်ကလည်း “ဒါပေါ့။ ရော်နယ်ဒိုက ဂိုးတွေသွင်းနိုင်တဲ့ ကစားသမားတယောက်ပါ။ ဒါပေမယ့် ကျနော် ခင်ဗျားနဲ့စကားမပြောခင်မှာ ရော်နယ်ဒိုနဲ့ အရင် စကားပြောကြည့်ရမှာပါ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အဲရစ်တန်ဟက်ခ်က ရော်နယ်ဒိုကို ဆက်ရှိစေချင်သည့်တိုင် ရော်နယ်ဒိုဘက်က တမျိုးတမည် စဥ်းစားနေမလားဆိုတာကို စိုးရိမ်နေကြပါတယ်။
ရော်နယ်ဒိုရဲ့ အနာဂတ်က အဓိက လှုပ်ခတ်နေရတဲ့အကြောင်းရင်းကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတာပါ။ ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝ အဆုံးမသတ်ခင်မှာ ချန်ပီယံလိဂ်ဖလားကို ထပ်မံဆွတ်ခူးသွားဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် ယူနိုက်တက်မှာတော့ ဒီအတွက် စောင့်ဆိုင်းရဖို့ရှိနေပါတယ်။
ဒါ့အပြင် ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရန်းနစ်ဂ်ကလည်း ရော်နယ်ဒိုအနေနဲ့ Pressing ကစားဟန်ကို ကောင်းကောင်းလိုက်မကစားနိုင်ဘူးလို့ ပူပူနွေးနွေးပြောကြားထားပါတယ်။ အဲ့ဒါကြောင့်လည်း အဲရစ်တန်ဟက်ခ်နဲ့ ရော်နယ်ဒိုအကြား ဆွေးနွေးစရာတွေရှိနေဦးမှာ သေချာပါတယ်။